မော်ရိုကိုအသင်းဟာ ပြင်သစ်နဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဖီဖာကို စောဒကတက် တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။
လက်ရှိကမ္ဘာ့ချန်ပီယံတွေဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို သီယို ဟာနန်ဒက်ဇ်၊ မူအာနီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ လက်ရှိမှာတော့ ပြင်သစ်နဲ့ပွဲစဉ်အတွင်း ဒိုင်လူကြီး ဆီဇာ ရာမို့စ်ရဲ့ ဆုံးဖြတ်ချက်အချို့နဲ့ပတ်သက်ပြီး ဒေါသထွက်မှုကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါတယ်။
အထူးသဖြင့် အာရုံစိုက်မှု အများဆုံး ဖြစ်ခဲ့တဲ့ ပထမပိုင်းက ဖြစ်စဉ်တစ်ခုမှာဆိုရင် သီယို ဟာနန်ဒက်ဇ်နဲ့ မော်ရိုကို တောင်ပံကစားသမား ဘူဖယ်တို့ ပြင်သစ်အသင်း ပင်နယ်တီဧရိယာထဲမှာ ထိခိုက်မိခဲ့ကြပြီး မော်ရိုကိုတောင်ပံကစားသမားကို ရာမို့စ်က အဝါကတ်ပြသခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုပ်သံအနှေးပြကွက် ပြန်လည်ပြသချက်အရ ဟာနန်ဒက်ဇ်ဟာ ဘူဖယ်ကို ထိတွေ့မှုပြုလုပ်ခဲ့သူဖြစ်ပြီး မော်ရိုကိုပရိသတ်တွေက ၎င်းတို့အနေနဲ့ ပင်နယ်တီရခဲ့သင့်တယ်လို့ အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။
"တော်ဝင် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်အနေနဲ့ မစ္စတာ ဆီဇာ ရာမို့စ်ရဲ့ မော်ရိုကို-ပြင်သစ်ပွဲစဉ်က စီရင်ဆုံးဖြတ်မှုတွေကို အပြင်းအထန် ကန့်ကွက်ပါတယ်။ ဒီအချက်ကြောင့် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာ ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ပင်နယ်တီ ၂ ကြိမ်အပေါ် စီရင်ဆုံးဖြတ်ရာမှာ အထူးကျွမ်းကျင်သူအများအပြားရဲ့ ထင်မြင်ချက်တွေကို ရွေးချယ်ပြီး စီရင်ဆုံးဖြတ်ခဲ့တဲ့ အခြေအနေကို ပြန်လည်သုံးသပ်ဖို့ ခုံသမာဓိရုံးကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ တော်ဝင် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်က ဒီလို စီရင်ဆုံးဖြတ်မှုတွေကို မတုံ့ပြန်ခဲ့တဲ့ VAR ကိုလည်း အလွန်အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်"
"တော်ဝင် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ် ထိပ်တိုက်တွေ့ဆုံမှုအတွင်း ချမှတ်ခဲ့တဲ့ ဒီလို စီရင်ဆုံးဖြတ်မှုတွေကို ပြစ်တင်ရှုတ်ချခြင်းအားဖြင့် စီရင်ဆုံးဖြတ်ရာမှာ ခုခံပြောဆိုနိုင်တဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းဖို့နဲ့ ကာကွယ်ဖို့ ကြိုးစားအားထုတ်မှုတွေကို အားလျှော့သွားမှာမဟုတ်ဘူးဆိုတာကို အသိပေးပါတယ်"လို့ ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်အချို့က မော်ရိုကိုနဲ့ ပြင်သစ်တို့ရဲ့ပွဲစဉ်ကို ပြန်ကန်ခိုင်းဖို့ လူမှုကွန်ရက်ပေါ်မှာ တောင်းဆိုခဲ့ပြီး "မော်ရိုကိုနဲ့ ပြင်သစ်တို့ပွဲကို ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုပါတယ်"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "မော်ရိုကိုတစ်နိုင်ငံလုံး ဝမ်းနည်းနေတော့ ငါတို့ရဲ့အသင်းအတွက် တရားမမျှတပါဘူး"လို့ မှတ်ချက်ပေးခဲ့ပါတယ်။