စပိန်လက်ရွေးစင် အသင်းခေါင်းဆောင် မိုရာတာက သူ့အပေါ် ဝေဖန်လှောင်ပြောင်မှုတွေကြောင့် အခု ယူရိုက စပိန်ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်နိုင်ကြောင်း ဖွင့်ဟလာပါတယ်။ မိုရာတာဟာ စပိန်အသင်းခေါင်းဆောင်ဖြစ်နေသည့်တိုင် သူ့အပေါ် ပရိသတ်တွေက လှောင်ပြောင်မှုတွေရှိနေတာပါ။
သူ့အပေါ် ဆက်ဆံတဲ့ပုံစံတွေက မမျှတဘဲ အဓိပ္ပာယ်မရှိတဲ့ ဝေဖန်မှုတွေဖြစ်နေတာကြောင့်လည်း မိုရာတာက ဒေါသပေါက်ကွဲနေတာပါ။ ဒါ့အပြင် ဒီဖြစ်ရပ်တွေက သူ့ရဲ့မိသားစုကိုပါ ထိခိုက်စေပြီး လာမယ့်ရာသီမှာလည်း လာလီဂါမှာ ဆက်ကစားဖို့ မရှိဘူးလို့ ဆိုပါတယ်။
မိုရာတာက “စပိန်မှာ ဘယ်သူ့အတွက်မှ လေးစားမှုမရှိပါဘူး။ အခု ယူရိုက ကျနော့်အတွက် စပိန်နဲ့ နောက်ဆုံး ပြိုင်ပွဲဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေပဲမို့လို့ ကျနော် အများကြီး မပြောချင်ပါဘူး။ ဒါပေမယ့် ဒါက ဖြစ်နိုင်တဲ့အရာပါ။ စပိန်မှာ ကျနော် ပျော်ရွှင်ဖို့ ခက်ခဲပါတယ်”
“ကျနော် စပိန်နိုင်ငံပြင်ပမှာ ပိုပျော်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ကျနော် ဒါကို အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံပြင်ပမှာ ကျနော့်ကို လူတွေက လေးစားမှု ထားပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ မိုရာတာရဲ့ အခု ပြောစကားတွေက စပိန်လက်ရွေးစင်အသင်းရဲ့ Camp အတွင်း ရိုက်ခတ်မှု ပြင်းထန်နေတယ်လို့ သိရှိရပါတယ်။