ဒီနေ့ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားကြတော့မှာပါ။

ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ပြင်သစ်တွေကတောင်မှ ဗိုလ်စွဲစေချင်နေတာလို့ ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်စ်က ပြောဆိုလိုက်ပါတယ်။ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ဟာ ဒီနေ့မှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကစားကြတော့မှာဖြစ်ပြီး ပြင်သစ်က လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်ပြီး အာဂျင်တီးနားကတော့ နှစ်ပေါင်း ၃၀ ကျော်ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကို ပြန်လည်ရယူနိုင်ဖို့ အားထုတ်ရမှာဖြစ်ပါတယ်။ 

အာဂျင်တီးနားအကျော်အမော်မက်ဆီအတွက် ပထမဆုံးသော ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးသော ဒီပြိုင်ပွဲကြီးကို ချန်ပီယံအဖြစ်နဲ့ နှုတ်ဆက်နိုင်ဖို့လည်း ကြိုးစားရမှာပါ။ မက်ဆီဟာ ကမ္ဘာဖ့လားကို ဆွတ်ခူးဖူးခြင်းမရှိဘဲ ပရိသတ်တွေက သူ့ကိုဆွတ်ခူးစေချင်နေကြရာမှာ ပြင်သစ်ပရိသတ်တွေပါ ပါဝင်နေတယ်လို့ ဒက်ချမ့်စ်က ပြောခဲ့တာပါ။ 

"အာဂျင်တီးနားနဲ့ ကမ္ဘာတဝှမ်းက ပရိသတ်အများအပြား၊ ပြင်သစ်လူမျိုးတချို့တောင်မှ လီယွန်နယ်မက်ဆီကို ကမ္ဘာ့ဖလားဆွတ်ခူးစေချင်နေတယ်ဆိုတာ ကျနော်သိပါတယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ၊ အာဂျင်တီးနားတွေက အရမ်းစိတ်အားထက်သန်သူတွေပါ၊ သူတို့အသင်းနောက်မှာ အပြုသဘောဆောင်ပြီး အမြဲတမ်းရှိပါတယ်"

"ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒီလိုမျိုးဖိအားတွေရှိတာကောင်းပါတယ်၊ ဒါပေမယ့် ကျနော်တို့ ပြိုင်ဘက်တွေက ပွဲကြည့်စင်ပေါ်က လူအုပ်ထဲမှာမဟုတ်ပါဘူး၊ ကွင်းထဲမှာ ရင်ဆိုင်ရမယ့်အသင်းပါ" လို့ ဒက်ချမ့်စ်က ပြောဆိုခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ဟာ ကမ္ဘာ့ဖလားမှာ ၂၀၁၈ တုန်းက ရင်ဆိုင်ခဲ့ဖူးပြီး ပြင်သစ်က ၄-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ပွဲကောင်းတပွဲအဖြစ် ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ 

အခုအခါမှာ မက်ဆီရဲ့ နောက်ဆုံးသောမျှော်လင့်ချက်၊ ပြင်သစ်ရဲ့ ချန်ပီယံဘွဲ့ကာကွယ်မယ့် အကြောင်းရင်းတွေကြောင့် ဗိုလ်လုပွဲကတော့ စိတ်ဝင်စားစရာနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်နေပါတယ်။ 


Share

Loading Next Article...
က္က