ဒီတစ်ပတ်မှာတော့ ပြည်ပနိုင်ငံတွေကို နိုင်ငံခြားခရီးစဉ်သွားဖို့ ပထမဆုံးအကြိမ်သွားဖို့ စဉ်းစားနေသူတွေအတွက် ပြင်ဆင်ထားရမယ့်၊ ပြင်ဆင်ထားသင့်တဲ့ အချက်ကလေးတွေကို မျှဝေပေးပါရစေ။
နိုင်ငံကူးလက်မှတ်ကို ကြိုတင်ပြင်ဆင်ထားပါ
ပြည်ပခရီးထွက်တော့မယ်ဆိုတာကို ကိုယ့်ဘက်က တွေးနေပြီဆိုတာနဲ့ အရင်ဆုံးကြိုတင်ပြင်ဆင်ထားရမယ့် အရာကတော့ နိုင်ငံကူးလက်မှတ်ပါ။ တချို့လေကြောင်းလိုင်းတွေမှာ လေယာဉ်လက်မှတ်ဝယ်ယူရတဲ့အခါ နိုင်ငံကူးလက်မှတ်ကို ပြပြီး booking တင်ရတာဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ Departure date မရောက်ခင်မှာ နိုင်ငံကူးလက်မှတ်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
ကိုယ်သွားလည်မယ့် နိုင်ငံအကြောင်းလေ့လာထားပါ
ကိုယ်သွားလည်မယ့် နိုင်ငံက ဘယ်နိုင်ငံလဲ။ ကိုယ့်နိုင်ငံနဲ့ ဘယ်လောက် အကွာအဝေးရှိတာလဲ၊ ဘယ်ဘာသာစကားကို အများဆုံးသုံးနှုန်းပြောဆိုကြလဲ၊ ဘယ်လိုနေထိုင်မှုပုံစံ ဘယ်လို ယဉ်ကျေးမှုတွေ ရှိသလဲဆိုတာကို စုံစမ်းလေ့လာထားဖို့ လိုအပ်ပါတယ်။
အသုံးပြုတဲ့ ငွေသားကိုလည်း စစ်ဆေးပါ
ကိုယ်သွားလည်မယ့် နိုင်ငံက ဘယ်လိုငွေသားအသုံးပြုတာလဲဆိုတာကို လေ့လာပြီး မသွားခင်ကတည်းက ကိုယ်ကိုင်ဆောင်တဲ့ ငွေသားကို လဲလှယ်ဖို့ နဲ့ ချက်လက်မှတ်တွေ အသုံးပြုလို့ရမရ ကြိုတင်စစ်ဆေးသွားပါ။
သွားလာရေးနဲ့ တည်းခိုရေးကိုလည်း တခါတည်းစုံစမ်းပါ
ကိုယ်သွားလည်မယ့်နေရာက ဘယ်လို Transportation ပုံစံတွေရှိတာလဲဆိုတာ ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ တည်းခိုမယ့် နေရာတွေကိုပါ တပါတည်း တတ်နိုင်သလောက် ရှာဖွေစုံစမ်းနှိုင်းယှဉ်ပြီး ပိုသက်သာတဲ့ဆီမှာရွေးချယ်တည်းခိုသင့်ပါတယ်။
ခရီးရောက်တာနဲ့ အရင်ဆုံး သေချာအနားယူပါ
ပထမဆုံးခရီးလည်းဖြစ်သလို သွားချင်လည်ချင်ပတ်ချင်တဲ့ နေရာတွေကလည်း အများကြီးဖြစ်နေမှာပါ။ ရောက်ရောက်ချင်း ခရီးရောက်မဆိုက် အလောတကြီး လည်တာမျိုးတွေမလုပ်ပါနဲ့ ။ ပြည့်ပြည့်ဝဝ အနားယူ ၊ အိပ်ရေးဝဝအိပ်ပြီးမှသာ လည်ပတ်ဖို့ စတင်ပါလို့ အကြံပြုပါရစေ။
ကိုယ့်လုံခြုံရေးကို အထူးဂရုပြုပါ
ကိုယ့်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံမှာဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ လုံခြုံရေး က အထူးအထူးကို အရေးကြီးပါတယ်။ ခါးပိုက်နှိုက်ရန်တွေကိုလည်း သတိပြုပါ။ ဒေသခံတွေကို အန္တရာယ်ကင်းတဲ့ မြို့လမ်းကြောင်းတွေ ၊ အနေအထားတွေကို မေးမြန်းပြီး သွားတာက အကောင်းဆုံးပါပဲ။
ဒီအချက်တွေကို သေချာကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ အန္တရာယ်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ပထမဆုံးပြည်ပခရီးအတွေ့အကြုံကို ရရှိနိုင်မှာသေချာပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။