Bitcoin တွေ ဈေးတန်တယ်ဆိုပြီး ဒေါ်လာသန်းပေါင်းများစွာပေး ဝယ်ခဲ့ပြီးနောက် ဈေးအကြီးအကျယ် ထိုးကျသွားတာကြောင့် အယ်လ်ဆာဗေဒိုသမ္မတဟာ အကြပ်ရိုက်နေရပါတယ်။
အယ်လ်ဆာဗေဒိုသမ္မတ နာယစ် ဘူကီလီဟာ Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်ပြီးနောက် အကြီးအကျယ် ဝယ်ယူမှုတွေ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတဟာ Bitcoin မှာ ရင်းနှီးမြှပ်နှံမှု လုပ်တဲ့ အနေနဲ့ ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ Bitcoin ၄၁၀ ကို ဒေါ်လာ ၁၅ သန်း ပေးဝယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က Bitcoin ဈေးဟာ ဒေါ်လာ ၄၃၀၀၀ ကနေ ၃၅၀၀၀ တဝိုက် ရောက်သွားချိန် ဝယ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအရင် ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းကလည်း Bitoicn ၄၂၀ ဝယ်ယူမှု လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က Bitcoin ဈေးဟာ တစ်ခုကို ဒေါ်လာ ၆၀၃၀၀ ကျော် ရှိပါတယ်။ သမ္မတရဲ့ Bitcoin ဝယ်ယူမှုဟာ ဒါနဲ့ တင် ရပ်မသွားခဲ့ပါဘူး။ Bitcoin ကို အရူးအမူးဝယ်ယူစုဆောင်းသူတစ်ဦး ဖြစ်တဲ့ သမ္မတနာယစ်ဘူကီလီဟာ ပြီးခဲ့တဲ့ မေလထဲမှာလည်း Bitcoin ဈေး ကျနေတာချိန် နောက်ထပ် BTC 500 ကို ဒေါ်လာ ၁၅ သန်းဖိုး ထပ်ဝယ်လိုက်ကြောင်း Twitter မှာ ပြောထားပါတယ်။
သမ္မတနာယစ်ရဲ့ Tweet ထဲမှာ ပျမ်းမျှဈေး ၃၀၇၄၄ ဒေါ်လာနှုန်းနဲ့ Bitcoin ၅၀၀ ဝယ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ အယ်လ်ဆာဗေဒိုဟာ လက်ရှိမှာ Bitcoin ပေါင်း ၂၃၀၁ ခုအထိ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ဖြစ်ပြီး လက်ရှိအချိန် Bitcoin ပေါက်ဈေးဟာ ဒေါ်လာ ၂၃၀၀၀ ဝန်းကျင်မှာ ရှိလို့ တန်ဖိုးအားဖြင့် စုစုပေါင်း ဒေါ်လာ ၅၃ သန်းပဲ တန်ကြေးရှိနေတာပါ။ ဒါဟာ သမ္မတဘူကီလီ ဝယ်စဉ်က ပေးခဲ့ရတဲ့ ဒေါ်လာ ၁၀၅.၆ သန်းရဲ့ ထက်ဝက်ခန့်ပဲ ရှိတာ ဖြစ်လို့ တစ်ဝက်လောက် ရှုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။
သမ္မတနာယစ် ဦးဆောင်တဲ့ အယ်လ်ဆာဗေဒိုအစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ Bitcoin ကို နိုင်ငံရဲ့တရားဝင် ငွေကြေးအဖြစ် သတ်မှတ်ပြီးနောက် ဒါဟာ နိုင်ငံရဲ့ ဆိုးဝါးတဲ့ စီးပွားရေးအခြေအနေကို ပုံဖျက်ဖို့ သမ္မတဘူကီလီရဲ့ ပါတီက အကွက်ဆင်လိုက်တာဆိုပြီးလည်း ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ Bitcoin ဥပဒေကို အာဏာရှင်ဆန်ဆန် အတည်ပြုပြဌာန်းလိုက်တဲ့အပေါ် မကျေနပ်ချက်တွေ ရှိနေကြပြီး Bitcoin ဟာ ဆင်းရဲနွမ်းပါးတဲ့ လက်တင်အမေရိကနိုင်ငံအတွက် ငွေကြေးမတည်ငြိမ်မှုနဲ့ ငွေကြေးစနစ် ဖောင်းပွမှုတွေ ယူဆောင်လာမှာကို စိုးရိမ်နေကြပါတယ်။
Bitcoin အပါအဝင် Cryptocurrency တွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်မှုအပေါ် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အပါအဝင် စီးပွားရေးသမားအများအပြားကလည်း သတိပေးမှုတွေ ရှိကြပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် လက်ခံထားတဲ့ နိုင်ငံအနေနဲ့ အယ်လ်ဆာဗေဒိုနဲ့ ဗဟိုအာဖရိကနိုင်ငံတို့ပဲ ရှိသေးတာ ဖြစ်ပါတယ်။