လာမယ့် ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ကုမ္ပဏီတချို့ အနေနဲ့ ပြင်ဆင်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။
ခရီးသွား လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ခဲ့ရင်တော့ လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကျန်းမာရေး အခြေအနေတွေအရ နေ့ချင်းပြန်ခရီးစဉ်တွေကို သာ အဓိကဝန်ဆောင်မှု ပေးသွားမှာလည်းဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
“ လက်ရှိ အခြေအနေထိတော့ ကုမ္ပဏီတချို့အနေနဲ့ က စိုင်းပြင်းနေတုန်းပါပဲ။ လုံးဝခရီးသွားလုပ်ငန်းကို အကျယ်တဝန့် ပြန်လည်စတင်တာမျိုးတော့ မဟုတ်ဘူး။ ဘာလို့လဲဆို ဒီလိုအခြေအနေမှာ အားလုံးကလည်း ခရီးသွားချင်စိတ်ရှိကြမှာ မဟုတ်ဘူးလေ။ အနည်းငယ်လောက်သာ စိတ်အရမ်းမွန်းကြပ်နေတဲ့သူတွေ အပန်းဖြေတဲ့အနေနဲ့ သွားတဲ့သူလောက်ပဲရှိမှာ။ တကယ်လို့ ခရီးသွားလုပ်ငန်းတွေကို ပြန်လည်ဝန်ဆောင်မှု ပေးနိုင်ခဲ့မယ်ဆိုရင်တော့ လက်ရှိအခြေအနေအရ နေရာအနှံ့မှာက ညမထွက်ရနဲ့ ဖြတ်သန်းသွားလာခွင့်တွေမပြုတာကြောင့် ခရီးသွားတွေရဲ့ လုံခြုံမှုအတွက် ညအိပ်ခရီးစဉ်တွေထက် နေ့ချင်းပြန် အပန်းဖြေခရီးစဉ်မျိုးတွေကို ဦးစားပေးစီစဉ်သွားမယ်”လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ခရီးသွားလုပ်ငန်းရှင်တွေ အနေနဲ့က နိုင်ငံတွင်းကိုဗစ်ကူးစက်မှု စတင်ခဲ့တဲ့ ပထမလှိုင်းကတည်းက ခရီးသွားလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရတာ လက်ရှိအချိန်ကာလထိဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေအနေနဲ့ကလည်း ဝန်ထမ်းအားလုံးကို အနားပေးကာ ရပ်ဆိုင်းခဲ့ကြရသလို တချို့ကုမ္ပဏီတွေအနေနဲ့ကတော့ ဝန်ထမ်းအနည်းငယ်လောက်နဲ့သာ ဆက်လက်ရပ်တည်ခဲ့ကြရပါတယ်။
“ ကျွန်တော့်ကုမ္ပဏီကတော့ ဒီနှစ်ထဲမှာ ပြန်မစနိုင်လောက်ဘူး။ စနိုင်တဲ့ ကုမ္ပဏီအနည်းငယ်လောက်နဲ့ စတင်တဲ့သဘောပါ။ လုပ်ငန်းပြန်စမယ်ဆို အလုပ်ဖြစ်တာ မဖြစ်တာထက် ကိုယ့်ထဲကအရင်းကအရင်စိုက်ရမှာ။ ဝန်ထမ်းတွေအတွက် ကုမ္ပဏီရုံးခန်းနေရာအတွက် ကုန်ကျစရိတ်တွေက ရှိလာမယ်။ နားထားတာလည်း ကြာတော့ ချက်ချင်းပြန်စဖို့ကလည်း အခက်အခက်အခဲရှိတဲ့သဘောပါ။ တဖြည်းဖြည်းပြန်စနိုင်အောင်တော့ လုပ်မယ်။ အခုအစပိုင်းအနေနဲ့ ကုမ္ပဏီတချို့စမယ်ဆိုတော့ နောက်ပိုင်းအဆင်ပြေလာရင် ကျန်တဲ့ ကုမ္ပဏီတွေလည်း ပြန်စနိုင်လာအောင် လုပ်လာကြမှာပါ။ ခုချိန်ကလည်း သိတဲ့တိုင်းဘာမှမျှော်လင့်လို့မရသေးတဲ့ အခြေအနေလေ”လို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ယခု ခရီးသွားလုပ်ငန်းပြည်လည်စတင်မယ့် ကုမ္ပဏီတွေအနေနဲ့ကလည်း ပုံမှန်ထက်ဝန်ထမ်းအနည်းယ်လောက်နဲ့သာ စတင်လည်ပတ်သွားမှာပါ။
“ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရပ်နားခဲ့ရတာလည်း အားလုံးသိတဲ့တိုင်း အချိန်ကာလအနေနဲ့ဆို တစ်နှစ်ကျော်လာခဲ့ပြီပေါ့။ ဒီတစ်နှစ်ကျော်မှာ အားလုံးက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာ။ လုပ်ငန်းရှင်တွေကော ဒီလုပ်ငန်းအပေါ် အားကိုးတဲ့ဝန်ထမ်းတွေကော။ အခုပြန်စတင်မယ်ဆိုတော့လည်း ကုမ္ပဏီအားလုံးက ချက်ချင်းမဖြစ်နိုင်သေးတော့ ပြန်လည်ပတ်နိုင်လောက်တဲ့ ကုမ္ပဏီတချို့သာ စတင်တာဖြစ်တယ်။ ဒီကာလမှာ အမြတ်ကိုသိပ်ပြီး မမျှော်လင့်ထားကြဘူး။ ရပ်နားထားတဲ့ကာလကြာတော့ အရင်းထဲကမရှုံး၊ အနည်းငယ်ကျန်တယ်ဆိုရင်တော်ပြီဆိုတဲ့ စိတ်ကူးနဲ့ လုပ်ကြတာ”ပါလို့ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိမှာ မိသားစုကိုယ်ပိုင်ကားတွေနဲ့ ခရီးသွားလာမှုတွေသာ ရှိနေပြီး ကိုယ်ပိုင်ကားနဲ့ သွားလာဖို့ အဆင်မပြေတဲ့သူတွေအတွက် အခုလိုခရီးသွားလုပ်ငန်းတွေကို စတင်နိုင်အောင်ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။