နောက်ဆုံးရရှိထားတဲ့ခရီးသွားဆိုင်ရာသတင်း (၅)ခုကို တင်ဆက်ပေးမှာပါ။

(၃၆) နာရီအတွင်း စစ်ထားတဲ့ ကိုဗစ်ကင်းစင်ကြောင်း လက်မှတ်ပြသရုံနဲ့ လေကြောင်းနဲ့ ပြည်တွင်းခရီးသွားနိုင်ပြီဆိုတဲ့ သတင်းအပါအဝင် ဒီတစ်ပတ်အတွက် နောက်ဆုံးရရှိထားတဲ့ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လေကြောင်းနဲ့ ပြည်တွင်းခရီးသွားမယ်ဆို ဘာတွေလိုအပ်မလဲ။

လေကြောင်းနဲ့ ပြည်တွင်းခရီးသွားမယ့်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ဓာတ်ခွဲခန်းတွေမှာ (၃၆) နာရီအတွင်း ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးထားတဲ့မှတ်တမ်းကို မဖြစ်မနေတင်ပြဖို့လိုအပ်ပါတယ်။ တကယ်လို့ ခရီးသည်မှာ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုပါက MAI နှင့် AIR KBZ တို့မှ ယခုဖော်ပြထားတဲ့အချက်တွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင်ထုတ်ပေးထားတဲ့လက်မှတ်တွေအတွက် သင့်တော်တဲ့ လေယာဉ် ခရီးစဉ်၊ ခုံနံပါတ်တို့ကို ဝန်ဆောင်ခအခမဲ့နဲ့ တစ်ကြိမ်ပြောင်းလဲပေးခြင်း၊ လေယာဥ်တစ်ကြောင်းစာလက်မှတ်နဲ့ အသုံးမပြုသေးတဲ့ အသွားအပြန်လက်မှတ်တွေအတွက် လက်မှတ်သက်တမ်းအလိုက် အခမဲ့အမည်ပြောင်းလဲပေးခြင်းနဲ့ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင်ထုတ်ပေးထားတဲ့ လက်မှတ်အတွက် အပြည့်အဝငွေပြန်အမ်းပေးခြင်းတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ပြည်တွင်းလေကြောင်းနဲ့ ခရီးသွားမယ့်သူများအနေနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့အတွင်း ကိုဗစ်ပိုး စစ်ဆေးချင်တယ်ဆိုပါက ဒီနေရာတွေမှာ စစ်ဆေးနိုင်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးပေးနိုင်မည့်နေရာများ

မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးပေးနိုင်မယ့် နေရာများ

ပြည်တွင်းကိုလာမယ့် ခရီးသွားတွေအတွက် မြန်မာကဘာတွေပြင်ဆင်ထားလဲ။

မြန်မာနိုင်ငံကိုဝင်ရောက်မယ့် အပြည်ပြည်ဆိုင်ရာခရီးသွားများအတွက် အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတွေဆောင်ရွက်မယ့် အစီအစဥ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ကာကွယ်ဆေးအပြည့်ထိုးထားပြီးသူတွေအနေနဲ့ မြန်မာနိုင်ငံကို မလာမီ ၁၄ ရက်ကျော်မှာ ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ပြသဖို့ လိုအပ်ပြီး ကွာရန်တင်း (၇) ရက်ဝင်ရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးအကြိမ်မပြည့်သေးတဲ့သူတွေအနေနဲ့ ၇၂ နာရီအတွင်းကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေပြဖို့ လိုအပ်ပြီး ကွာရန်တင်း (၁၀) ရက် ဝင်ရမှာပါ။ အရေးကြီး နိုင်ငံတကာမှ ပုဂ္ဂိုလ်တွေအတွက်ကတော့ အထူးအစီအစဥ်အနေနဲ့ ဓာတ်ခွဲစမ်းသပ်တာ၊ကွာရန်တင်းဝင်တာတွေဆောင်ရွက်ဖို့ ကိုဗစ်ဗဟိုကော်မတီနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ကို တစ်ပတ်ကြိုတင်ခွင့်ပြုချက်တောင်းခံနိုင်ပါတယ်။

ကယ်ဆယ်ရေးလေယာဥ်ဖြင့် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားများ။ Photo- MOFA

မြန်မာမှာ ကိုဗစ်ကန့်သတ်ချက်တွေကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်ထားပြန်

ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကိုလာမယ့် ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်မှု ဆိုင်ရာအစီအစဥ်တွေအားလုံးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ အရေးပေါ်အစိုးရတာဝန်နဲ့ ဖြစ်စေ ၊မလွှဲမရှောင်သာ ကိစ္စနဲ့ဖြစ်စေ၊ သံတမန်တွေနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေအနေနဲ့ ကယ်ဆယ်ရေးလေယာဥ် သို့မဟုတ် အထူးလေယာဥ်နဲ့ လာရောက်မယ်ဆိုပါက ဗီဇာကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာ မြန်မာသံရုံးတွေ၊ကောင်စစ်ဝန်ရုံးတွေမှာ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ခုနှစ် ကိုဗစ်ကာလအတွင်း ပိတ်ထားသည့် ရန်ကုန်လေဆိပ်ကို မြင်တွေ့ရစဥ်။

MAI လေကြောင်းလိုင်းမှ ရန်ကုန်-ဒေလီ- ရန်ကုန်အထူးလေယာဥ်ပျံသန်းပြေးဆွဲမည်

MAI လေကြောင်းလိုင်းမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ရန်ကုန်-ဒေလီ- ရန်ကုန် အထူးလေယာဥ် ပျံသန်းပြေးဆွဲမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒေလီ-ရန်ကုန်သို့ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒေလီမြို့က မြန်မာသံရုံးမှာစာရင်းပေးသွင်းရမှာဖြစ်ပြီး ရန်ကုန်-ဒေလီသို့သွားမယ့် အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အိန္ဒိယသံရုံး၊မြန်မာမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ မြန်မာကထွက်ခွာမယ့် ခရီးသည်တွေအနေနဲ့ ခရီးစဥ်မထွက်ခွာခင် ၆ ရက်အလိုမှာ ကြိုတင်လက်မှတ်မှာယူရမှာဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

၁၉ လကြာပိတ်ထားခဲ့တဲ့ ပုဂံရှေးဟောင်းသုတေသနပြတိုက် ပြန်ဖွင့်ပြီ

မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစတင်ဖြစ်ပွားစဥ် ၂၀၂၀ ခုနှစ် မတ်လကကတည်းက ပိတ်ထားခဲ့တဲ့ ပုဂံ ရှေးဟောင်းသုတေသနပြတိုက်ကို ကိုဗစ်စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ပြီလို့ ကြေညာလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တနင်္လာ

နေ့နဲ့ အများပြည်သူရုံးပိတ်ရက်တွေက လွဲလို့ နေ့စဥ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ နက် နေ့

ပုဂံရှေးဟောင်းသမိုင်းပြတိုက်ကို မြင်တွေ့ရစဥ်။ Photo- wikipedia

အထက်ဖော်ပြပါ ခရီးသွားဆိုင်ရာသတင်းအချက်အလက်များကို Duwun နှင့် FlyMya တို့ပူးပေါင်းပြီး တင်ဆက်ထားခြင်းဖြစ်ပါသည်။

ခရီးသွားလာခြင်းဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုရယူရန် ဒီကိုနှိပ်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က