အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး အကျုံးဝင်မှာ ဖြစ်ပါတယ်။

ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အားလုံး အတွက် ခရီးသည်တိုင်း လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း ဆေးစစ်ထားတဲ့ ကိုဗစ်မရှိကြောင်း ထောက်ခံချက်ပြသရမယ်လို့ သိရပါတယ်။



" ပြည်တွင်းခရီးစဉ်များအားလုံးအတွက် မနက်ဖန်ကစပြီး ခရီးသည်တွေမှာ လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း RT-PCR ၊ RDT test kit တခုခုနဲ့ စစ်ဆေးထားတဲ့ ကိုဗစ် ကင်းစင်ကြောင်းထောက်ခံချက် ပါရှိရမယ်လို့ အကြောင်းကြားလာတာပေါ့။ အဲ့လိုမဟုတ်ရင် လေယာဉ်စီးခွင့်ရမှာမဟုတ်ဘူး။ " လို့ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ ဝန်ထမ်းတစ်ဦးက ဒီကနေ့ (အောက်တိုဘာလ ၂၀ ရက်) က ပြောပါတယ်။

အဲ့ဒီအစီအစဉ်က အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး အကျူံးဝင်မှာဖြစ်ကြောင်း ၊ ကိုဗစ်မရှိကြောင်း ဆေးစစ်ချက်ပြသနိုင်သူတွေကိုသာ လေယာဉ်လိုက်ပါစီးနင်းခွင့်ပြုဖို့ လေကြောင်းလိုင်းတွေဆီကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီး ဌာနက အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Yangon International Airport

" ကိုဗစ်ကာကွယ်ဆေးထိုးထားလည်းမရပါဘူး။ ဆေးစစ်ချက်ပါကိုပါရပါမယ်။ မပါရင်‌ လေယာဉ်စီးလို့မရပါဘူး။ အဲဒီလိုအသိပေးလာပါတယ် " လို့ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုကပြောပါတယ်။

ခရီးသည်တွေအနေနဲ့ ကိုဗစ်မရှိကြောင်း ဆေးထောက်ခံချက်ကို ရန်ကုန်လေဆိပ် အဝင်ဂိတ်၊ check-in ကောင်တာ အပြင် ဆိုက်ရောက်ရာဒေသတွေမှာလည်း စစ်ဆေးမှုရှိပါက ပြသရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ် ဖြတ်ထားပြီး ခရီးသွားဖို့ အဆင်မပြေသူတွေ ရှိပါက ဝယ်ယူထားတဲ့ လက်မှတ်ကို ရက်အပြောင်းအလဲပြုလုပ်နိုင်သလို ပြန်အမ်းငွေလျှောက်ထားနိုင်တယ်လို့ လေကြောင်းလိုင်းတွေကကြေငြာထားပါတယ်။

လက်ရှိမှာ ရန်ကုန် ၊မန္တလေး ၊ကချင်ပြည်နယ်၊ စစ်ကိုင်း၊ လွိုင်ကော်၊ ရခိုင်ပြည်နယ် တို့ကို လေကြောင်းခရီးစဉ်ပြေးဆွဲမှုရှိနေပါတယ်။

Share

Loading Next Article...
က္က