ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သားကို ၁၈ သိန်းကျော်အထိ ပြန်လည်ကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း YGEAက ထုတ်ပြန်တဲ့ ဒီကနေ့ရွှေဈေးနူန်းအရသိရပါတယ်။
ဒေါ်လာဈေး၊ ကမ္ဘာ့ရွှေဈေးကျဆင်းခြင်းတွေအပြင် YGEA မှ တစ်ရက်ကို အခေါက်ရွှေ ပိသာချိန် ၂၀ ကနေ ၅၀ ကြားထုတ်ရောင်းပေးနေတာတွေကြောင့် ပြည်တွင်းရွှေဈေးနှုန်းက ခုလိုပြန်လည်ကျဆင်းလာတာဖြစ်တယ်လို့ YGEA အသင်းတာဝန်ရှိသူကပြောပါတယ်။
"အဓိကတော့ ရွှေတွေရောင်းပေးနေလို့ပါ။အသင်းရုံးမှာတောက်လျှောက်ရောင်းပေးနေတယ်။
ဝယ်တဲ့သူရှိတဲ့အထိရောင်းပေးသွားမယ်။ ခုဈေး ကျလာမှန်းသိတော့ဝယ်တဲ့သူကလည်း နည်းသွားတယ်။နောက်ပြီး ဒေါ်လာဈေးလည်း ကျပါတယ်။ ကမ္ဘာ့ဈေးလည်း ကျတယ် " လို့ YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
ဓာတ်ပုံ - YGEA
ဒီနေ့ အောက်တိုဘာလ ၈ ရက်နေ့ မှာ အကယ်ဒမီမီးလင်းရွှေဈေး တစ်ကျပ်သားကို ၁၈၉၀၀၀၀ ကျပ် ရှိပြီး ကမ္ဘာရွှေဈေး (World Gold Price)က ၁ အောင်စကို ၁၇၅၈ ဒေါ်လာရှိတယ်လို့ YGEA ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်လောက်က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားကို မြန်မာကျပ်ငွေ ၂၂ သိန်း ကျော်အထိ မြင့်တက်ခဲ့ပြီး ၁၀ ရက်အကြာမှာ ရွှေဈေးပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းတည်ငြိမ်ရေးအတွ က် ရွှေတွေထုတ်ရောင်းပေးနေမှုကို ဝယ်ယူသူရှိတဲ့အထိ နေ့စဉ်ရောင်းချပေးသွားမှာဖြစ်ကြောင်း၊ ရွှေတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ထဲက ဒီနေ့အထိ တစ်ရက်ကို အခေါက်ရွှေ ပိသာချိန် ၂၀ ကနေ ၅၀ ကြား ထုတ်ရောင်းပေးနေတယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။