ကမ္ဘာ့အမွေအနှစ်ယူနစ်စကို စာရင်းဝင်တဲ့ကျော်ကြားရာ ပြည်မြို့အကြောင်း ‌ဝေမျှပေးချင်ပါတယ်။

ပြည်မြို့ဟာဆိုရင် ကမ္ဘာ့အမွေအနှစ်ယူနစ်စကို စာရင်းဝင်တဲ့ကျော်ကြားရာမြို့လေး တစ်မြို့ဖြစ်ပါတယ်။ သွား​ရေးလာ​ရေးအရကြည့်မယ်ဆိုရင်လည်း ရန်ကုန်က​နေ ပြည်အထိ​ပေါက်တဲ့ ​ရန်ကုန်-ပြည်လမ်းက အင်မတန် ​သွားလမ်းလာလမ်းသာသလို မီးရထားနဲ့သွားမယ်ဆိုရင်လည်း အဆင်​ပြေလှတဲ့မြို့ပါ။ သွား​ရောက်လည်ပတ်ဖြစ်ခဲ့ရင် ဘယ်နေရာတွေသွားရမလဲဆိုတာ ယခုဆောင်ပါးလေးမှာ မျှဝေပေးချင်ပါတယ်။




ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော် ( ခ ) မြသိတင်ဘုရား 



လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးဟာ လေးဆူသောမြတ်စွာဘုရားတို့ရဲ့ ဓာတ်တော်တွေဌာပနာထားပြီး ရာဇဝင်သမိုင်းကျောင်းတွေ အများကြီးတည်ရှိနေတဲ့ ဘုရားတစ်ဆူပဲဖြစ်ပါတယ်။ ပြည်မြို့ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၊ ဆံတော်ရပ်မှာ “သုဒဿန”အမည်ရှိတဲ့ တောင်ကုန်းငယ်မှာ တည်ရှိပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်မြတ်ကြီးဖြစ်ပြီး ရှေးက မြသိတင် (မြသီးတင်)ဘုရားလို့လည်း ခေါ်တွင်ခဲ့ပါတယ်။ ရွှေဆံတော်ဘုရားကို နောင်ရှင်ဘုရင်မင်းအဆက်ဆက် ဆက်လက်ထိန်းသိမ်းတည်ထားခဲ့ပြီး ယခုအချိန်အထိ မြို့ကျက်သရေဆောင်စေတီကြီးအဖြစ် တည်ရှိလျှက်ရှိပါတယ်။အင်းဝခေတ်မှာ မြန်မာ့သမိုင်းအတွက် အရေးပါတဲ့ ဖြစ်ရပ်တစ်ခု လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်ရင်ပြင်တော်ပေါ်မှာ ဖြစ်ပေါ်ခဲ့ပြီး အင်းဝ ဘုရင် မင်းခေါင်နနဲ့ မွန်ဘုရင် ရာဇာဓိရာဇ်တို့ဟာ သက္ကရာဇ် ၇၆၇-ခုနှစ်မှာ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ဝယ် သစ္စာပြုပြီး ငြိမ်းချမ်းရေး ရယူခဲ့ကြပါတယ်။ 


သရေခေတ္တရာပျူမြို့ဟောင်းကြီးထဲက ဘောဘောကြီးဘုရား 



ဘောဘောကြီးဘုရားဟာ သရေခေတ္တရာမြို့ဟောင်းမှာ တည်ရှိတဲ့ ရှေးဟောင်းစေတီတော်တစ်ဆူ ဖြစ်ပြီး သရေခေတ္တရာမြို့ဟောင်း အနောက်တောင်ဘက်မှာ တည်ရှိပါတယ်။ သရေခေတ္တရာထွန်းကားစဉ် အေဒီ ၆ - ၇ ရာစုလောက်က ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စေတီဖြစ်ပြီး  ဘုရားရှင်ရဲ့ ဓာတ်တော်၊ မွေတော်တွေကို ဌာပနာတည်ထားခဲ့ပါတယ်။ စေတီတော်ဟာ ဉာဏ်တော် ၁၅၂ပေ ရှိပြီး လုံးပတ်တော်ဟာ ပေ၂၄၀ကျယ်ကာ စက်ဝိုင်းပစ္စယံပေါ်မှာ ထုလုံးရှည် (ဆလင်ဒါ) ပုံ အုတ်စေတီကို တည်ထားခြင်း ဖြစ်ပါတယ်။ ရှေးဟောင်း သရေ​ခေတ္တရာပျူမြို့ဟောင်းကို ပြည်မြို့ကနေ အရှေ့ဖက်ကို ၁၅ မိနစ်လောက် သွားရင် ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ 


သရေခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ သုံးပန်လှကျောင်းတိုက်



သရေခေတ္တရာမြို့ဟောင်းအတွင်းမှာ အခြားစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုကတော့ သုံးပန်လှကျောင်းတိုက်ပဲ ဖြစ်ပါတယ်။ လက်သည်းဆိတ်ကန်ကျောင်းလို့လည်း သိကြပြီး ရှေးဟောင်းနှစ်ထပ်အုတ်ကျောင်း အဆောင်ကြီးဖြစ်ပါတယ်။ အင်းဝခေတ်က စာဆိုကျော် ရှင်မဟာရဌသာရ သီတင်းသုံးဖူးတဲ့ ကျောင်းဆောင်ဖြစ်တယ်လို့ ပြောစမှတ်ရှိကြပြီး ကျောင်းအဆောက်အအုံသက်တမ်းကတော့ အနှစ် ၄၀၀ နဲ့အထက်ရှိတယ်လို့ ပြောကြပေမယ့် မှတ်တမ်းမှတ်ရာအတိအကျနဲ့တော့ မသိရှိရပါဘူး။ ကျောင်းဝင်းထဲမှာ သုံးပန်လှမင်းသမီးနန်းရှိပြီး ဒေသခံတွေဆီက ရှေးအစဉ်အဆက် လက်ဆင့်ကမ်းပြောလာတဲ့ ဒဏ္ဍာရီပုံပြင်တွေ အများကြီးရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဒီသုံးပန်လှ မင်းသမီးဟာ တောင်ညိုမင်းရဲ့ ညီမတော်ဖြစ်ပြီး ဒွတ္တဘောင်မင်းဆီကို ဆက်သခံရတဲ့ မင်းသမီးတပါး ဖြစ်ပါတယ်။ အင်မတန်လှပပြီး တနေ့ကို အလှ ၃ ကြိမ် ပုံစံပြောင်းတဲ့အတွက် နန်းတော်အတွင်း မလိုသူတွေက မင်းသမီးကို ချောက်တွန်းရာကနေ နာကြည်းချက်တွေနဲ့ သေဆုံးခဲ့ပြီးနောက် ဒီဒေသမှာ စောင့်ရှောက်ဖို့  မင်းကြီးဆီကနေ အပိုင်စား ရခဲ့ပါတယ်လို့ ဆိုကြပါတယ်။ 


ပြည်ခရိုင်ထုံးဘိုမြို့အတွင်းက အကောက်တောင်ဘုရား 



အကောက်တောင်ဘုရားဆီသွားတဲ့အခါ ဧရာဝတီမြစ်ကမ်းပါးယံပေါ်မှာရှိတဲ့ ကျောက်သားနံရံတွေပေါ်မှာ ရေးထွင်းထားတဲ့ ရှေးဟောင်းဘုရားဆင်းတုများ ကိုတွေ့ရမှာပါ။ အခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကောက်တောင်ဘုရားကို သွားရောက်ဖူးမြော်မယ်ဆိုရင်တော့ ပဲခူးတိုင်းဒေသကြီး ထုံးဘိုမြို့ အဆုံးနဲ့ ဧရာဝတီတိုင်းဒေသကြီး သောကြာဒူး ကျေးရွာအုပ်စုမှာ သွားရောက်ဖူးမျှော်နိုင်ပါတယ်။ ရှေးအခါက ဒီနေရာမှာ လှေသင်္ဘောတွေကို အခွန်ကောက်ယူရာ နေရာဖြစ်ခဲ့တာကြောင့် အကောက်တောင်လို့ ခေခေဆိုခဲ့တယ်လို့ ပြောစမှတ်ရှိကြပြီး လှေနဲ့ ပါလာကြတဲ့ ကျောက်ဆစ်ပညာရှင်တွေက ကျောက်တောင်ကမ်းပါးယံကြီးတွေကို ထွင်းထုကာ နှောင်းလူတို့ ပူဇော်နိုင်ဖို့ မိမိတို့တတ်မြောက်ထားတဲ့ ပညာနဲ့ လုပ်အားဒါနပြုခဲ့ကြခြင်းဖြစ်တယ်လို့သိရှိရပါတယ်။အကောက်တောင်မှာ ဗုဒ္ဓဆင်းတုတော်ပေါင်း (၃၇ဝ) ခန့်ကိုဖူးမြော်တွေ့ရှိနိုင်ပြီး ဆင်းတုတော်အားလုံးဟာ ကျောက်သား နံရံပေါ်မှာ ထွင်းထုထားတဲ့ ကျောက်ဆစ်လက်ရာတွေဖြစ်ပြီး လက်ရာတွေကတော့ ကုန်းဘောင်ခေတ်လက်ရာအများစုဖြစ်ကာ အင်းဝခေတ်လက်ရာအချို့လည်း ပါဝင်တယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်။ 


ပြည်မြို့ပတ်ဝန်းကျင်က အခြားသမိုင်းဝင် စိတ်ဝင်စားစရာလည်ပတ်စရာနေရာတွေလည်းရှိပါတယ်။ ပြည်မြို့မြစ်တစ်ဖက်ကမ်းဆီက မုနိလေးဆူ သွန်းလုပ်တော်မူတဲ့ ရွှေဘုံသာမုနိဘုရား နဲ့ သမိုင်ဝင်ဖိုးဦးတောင်ဘုရား၊ ပြည်မြို့ပေါက်ခေါင်းကားလမ်းအနီးက ဘုရားမာဘုရားကြီး  ပြည်ခရိုင် ကံမခွဲလမ်းအနီးက ဗောဓိတစ်ထောင်ဘုရား တို့ပဲဖြစ်ပြီး သမိုင်းအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်တစ်ခု ဖြစ်မှာကတော့ အသေအချာပါပဲ။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။


Share

Loading Next Article...
က္က