အနည်းဆုံး နှစ်ရက်ခွဲခန့် ကြာမြင့်နိုင်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံရန်အတွက် ဗီယက်နမ်ကို လေကြောင်းခရီးဖြင့်မဟုတ်ဘဲ ရထားစီးလာရောက်မယ်လို့ သိရပါတယ်။

(ထရန်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံကြမည့် ဟနွိုင်းမြို့ရှိ အစိုးရဧည့်ဂေဟာ) (Photo: Reuters)

ကင်မ်ဂျုံအန်က ဗီယက်နမ်သို့ ရထားစီးပြီးလာရောက်မယ့်အကြောင်းကို ထိပ်သီးတွေ့ဆုံပွဲ လုံခြုံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စီစဉ်ဆောင်ရွက်နေမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခုက Reuters သတင်းဌာနကို ဖေဖေါ်ဝါရီ ၂၀ ရက်မှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။



ကင်မ်ဂျုံအန်ဟာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းမှ ဗီယက်နမ်သို့ တရုတ်နိုင်ငံကိုဖြတ်ကာ မိုင်ပေါင်းထောင်ချီရှိတဲ့ ခရီးအကွာအဝေးကို ရထားစီးလာရောက်ရာမှာ အနည်းဆုံး နှစ်ရက်ခွဲခန့် ကြာမြင့်နိုင်ပါတယ်။ ကင်မ်ဂျုံအန်ဟာ ယမန်နှစ်က တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံရန်လည်း ရထားစီးပြီး လာရောက်ခဲ့ဖူးပါတယ်။ ထရန့်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ရန် စင်ကာပူခရီးစဉ်ကိုတော့ ကင်မ်ဂျုံအန်က တရုတ်လေယာဉ်ဖြင့် လာရောက်ခဲ့တာဖြစ်ပါတယ်။

(၂၀၁၈ ခုနှစ်က ဘေဂျင်းမှာတွေ့ရ့သည့် ကင်မ်ဂျုံအန် စီးနင်းသည့် ရထား) (Photo: Reuters)

ကင်မ်ဂျုံအန်က ဖေဖေါ်ဝါရီ ၂၅ ရက်မှာ ဗီယက်နမ်ကိုရောက်ရှိရန် စီစဉ်ထားရာ ၎င်းရဲ့ ပြုံးမယ်-ဗီယက်နမ် ရထားခရီးစဉ်ကို ယခုသီတင်းပတ်နှောင်းပိုင်းမှာ စတင်ထွက်ခွာရမှာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ရထားဟာ ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံမှာ ရပ်နားမှာဖြစ်ပြီး ထိုမှတစ်ဆင့် ထိပ်သီးတွေ့ဆုံပွဲပြုလုပ်မယ့် ဟနွိုင်မြို့သို့ ၁၀၅ မိုင်ခရီးကို ကားဖြင့်ဆက်လက်သွားရောက်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

(ထရန်နဲ့ ကင်မ်ဂျုံအန်တို့ စင်ကာပူမှာ တွေ့ဆုံခဲ့ကြစဉ်) (Photo: AP)

ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ရဲ့ ပထမဆုံးအကြိမ် ထိပ်သီးတွေ့ဆုံပွဲကို ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ ထိပ်သီးတွေ့ဆုံပွဲကို တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

စင်ကာပူထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပါတယ်။ သို့သော် အဆိုပါထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး နှစ်နိုင်ငံ ဆက်လက် ညှိနှိုင်းကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်။  

(ကင်မ်ဂျုံအန်ရဲ့ ရထားအတွင်းပိုင်းမြင်ကွင်းတစ်ခု) (Photo: Xinhua)

ထရန့်နဲ့ကင်မ်ဂျုံအန်တို့က ထိုအခြေအနေကို ဆွေးနွေးကြရန်အတွက် နောက်တစ်ကြိမ် ထိပ်သီးတွေ့ဆုံရန် စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲကို လာမယ့် ဖေဖေါ်ဝါရီ ၂၇-၂၈ ရက်တို့မှာ ဟနွိုင်းမြို့ရှိ အစိုးရဧည့်ဂေဟာမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ယခုတစ်ကြိမ် ထရန့်နဲ့ကင်မ်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲမှာတော့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အပါအဝင် ကိစ္စရပ်တွေမှာ မည်သည့် သဘောတူညီချက်တွေ ရရှိလာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က