လက်စတာကွင်းမှာ ယူနိုက်တက်တို့ ၄-၂ ဂိုးနဲ့ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ် (၃) ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာပါ။

ယူနိုက်တက်ပွဲကြည့်တိုင်း တစ်ခုခုလိုနေသလိုပဲဆိုတဲ့ ခံစားချက်က ပရိသတ်တော်တော်များများဆီမှာ ရှိပါလိမ့်မယ်။ ဒီအသင်းက ပွဲချိန်အတွင်းမှာ ဘယ်သူက အမှားကျူးလွန်မလဲ၊ ဘယ်သူက အပိုင်အခွင့်အရေးကို ဖြုန်းလိုက်လေမလဲဆိုတာကို စောင့်နေရသလိုပါပဲ။



နောက်ဆုံး အဲဗာတန်နဲ့ပွဲမှာ ဖရက်ဒ်က အမှားလုပ်တယ်၊ လုခ်ရှောက Position Out ပြီး ထပ်ဆင့်အမှားလုပ်ခဲ့တယ်၊ အဲ့ဒီကနေမှ ချေပဂိုးပေးလိုက်ရပြီး သရေကျတယ်။ ဗီလာနဲ့ပွဲမှာ ဂရင်းဝုဒ်က အပိုင်အခွင့်အရေးတွေဖြုန်းခဲ့တယ်၊ ရှုံးခဲ့တယ်။ အဲ့ဒီနှစ်ပွဲလုံးမှာ ယူနိုက်တက်ကစားပုံက ကျေနပ်စရာမရှိဘူး။

အသင်းက ဦးတည်ချက်မဲ့နေတယ်၊ အဆင်ပြေသလို ကစားနေတယ်၊ အရမ်းကြီး ရုပ်ပျက်ဆင်းပျက်မဖြစ်သေးတာက ကြယ်ပွင့်ကစားသမားလို့ဆိုရမယ့်သူတွေများနေလို့ သူတို့ရဲ့လုပ်နည်းလုပ်ဟန်နဲ့ အဆင်ပြေသလို ကစားနေကြတာပဲ။ အသင်းမှာ မဟာဗျူဟာ ဘာမှမရှိဘူး။ အဲဗာတန်နဲ့ပွဲမှာ ဦးဆောင်ဂိုးရတယ်၊ မာစီရယ်လ်သွင်းတယ်၊ ဒါလည်း တစ်ချက်ကောင်းပဲလို့ဆိုရင် မမှားဘူး။

အခုဒီပွဲမှာလည်း ဂရင်းဝုဒ်ရဲ့ လှပတဲ့ကန်ချက်ကတစ်ဆင့် ဦးဆောင်ဂိုးရတယ်၊ ဒါပေမယ့် ဒဏ်ရာကပြန်လာတဲ့ မက်ဂွိုင်းရား အမှားလုပ်တယ်၊ ချေပဂိုးပြန်ပေးလိုက်ရတယ်၊ ဒါက ယူနိုက်တက်သံသရာဖြစ်နေပြီ။ နည်းပြနဲ့ပတ်သက်လို့တော့ ပြောစရာတွေများလွန်းလို့ ဘာမှလည်း မပြောချင်တော့ဘူး။

အဲဗာတန်နဲ့ပွဲပြီးမှာ ဒါကိုရေးခဲ့ပြီးပြီဖြစ်တယ်။ ဆိုးလ်ရှားက သူ့ရဲ့ဖိအားတွေကို သူကိုယ်တိုင်ဖန်တီးနေတဲ့သူ။ တလွဲဆံပင်ကောင်းတွေ သူအရမ်းလုပ်နေတယ်။ ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖာဂူဆန်ကို ရည်ရွယ်ပြီး တုံ့ပြန်သလို စကားမျိုး သူပြောခဲ့တယ်။ ပြီးတော့ လက်ရွေးစင်ကပြန်လာတဲ့ ကစားသမားတွေအကြောင်းပေါ့။

ပေါ့ဘာ၊ မာစီရယ်လ်၊ ဗာရန်းတို့က ပြင်သစ်နဲ့ နေးရှင်းလိဂ်ရခဲ့တယ်။ ဒါပေမယ့် လက်ရွေးစင်မှာ သူတို့ရနေတဲ့ Atmosphere နဲ့ လက်ရှိ ယူနိုက်တက်ရဲ့ Atmosphere က အလွန်ကွဲပြားတယ်။ ရော်နယ်ဒို ဂိုးတွေသွင်းခဲ့တယ်။ သူ့အတွက် လွယ်ကူတဲ့ပြိုင်ဘက်တွေဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေ ယူနိုက်တက် ပြန်ရောက်လာရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ဒါတွေသည် အသင်းအပေါ် ကောင်းမွန်တဲ့လက္ခဏာနဲ့ အကျိုးသက်ရောက်မယ်လို့ ဆိုးလ်ရှားက ပြောတယ်။ တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားရဲ့ အသင်းအတွက်တော့ မမှန်ဘူးထင်ပါတယ်။

နည်းပြတစ်ယောက်အနေနဲ့ ကစားသမားဆီက အကောင်းဆုံးပုံစံကို ထုတ်ယူနိုင်ရမယ်၊ အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ Chemistry အဖြစ်ဆုံး နည်းစနစ်ပိုင်းနဲ့ မဟာဗျူဟာပိုင်းကို ချမှတ်နိုင်ရမယ်။ အဖွင့်မှာစခဲ့တဲ့ စကားကို ပြန်ယူပါမယ်။ ဒီအသင်းက ပွဲချိန်အတွင်းမှာ ဘယ်သူက အမှားကျူးလွန်မလဲ၊ ဘယ်သူက အပိုင်အခွင့်အရေးကို ဖြုန်းလိုက်လေမလဲဆိုတာထက် အခုနောက်ပိုင်း ပွဲမစခင်တည်းက ယူနိုက်တက်တို့ နိုင်ပါ့မလားဆိုပြီး သံသယဝင်နေရတော့မှာပါ။ ဆိုးလ်ရှားဆက်ရှိနေရင်ပေါ့။

ပွဲပြီးခါနီး မိနစ်ပိုင်းတွေက တော်တော်ကြည့်ကောင်းခဲ့တယ်။ ရပ်ရှ်ဖို့ဒ်နဲ့လင်ဒီလော့ဖ်ကြားက ဒီလိုအချိတ်အဆက်မျိုးကို ပြီးခဲ့တဲ့ရာသီ ရှက်ဖီးနဲ့အဝေးကွင်းမှာ မြင်ခဲ့ဖူးကြမှာပဲ။ ဒါပေမယ့် ချက်ချင်းကြီး ဗာဒီရဲ့ အနိုင်ဂိုးပေးလိုက်ရတာက တော်တော် ရုပ်ပျက်ပါတယ်။ Set- Piece အတွက် နည်းပြခေါ်ထားတယ်။ ဒါပေမယ့် ဗီလာကိုရှုံးတဲ့ပွဲ၊ အခုပွဲမှာ Set- Piece ကနေ ဂိုးပေးခဲ့ရတယ်။ ယူနိုက်တက်နောက်တန်းရဲ့ အာရုံစူးစိုက်မှုက ဒီပွဲမှာ အရမ်းအပြစ်ကြီးပါတယ်။ ဒါပေမယ့် သူတို့ပဲမဟုတ်ပါဘူး။ ဆိုးလ်ရှားကစလို့ တစ်သင်းလုံးနဲ့ သက်ဆိုင်ပါတယ်။ 

Share

က္က