အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း (Quarantine) ကာလကို အရင် (၁၄) ရက် သတ်မှတ်ရာကနေ အခုတော့ (၂၁ ရက်) အထိ တိုးမြှင့်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက် ဖေစ်ဘွတ်စာမျက်နှာကနေ ကြေညာလိုက်ပါတယ်။
“ Quarantine ကာလ ၁၄ ရက်လွန်မှ ရောဂါလက္ခဏာ ပြသူတွေ တွေ့ရလို့ စိတ်ချရအောင် Quarantine ကာလကို (၂၁) ရက်အထိ တိုးရပါမယ်။” အတိုင်ပင်ခံရဲ့ ဖေ့ဘွတ်စ်အကောင့်ကတစ်ဆင့် ပြောထားပါတယ်။
နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူတွေလည်း မပေါ့ဆကြဖို့ သတိပေးလိုက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ညွန်ကြားချက်တွေကို အသေအချာလိုက်နာဖို့ ကြဖို့ကိုလည်း ပြောဆိုထားပါတယ်။
အခုဆို COVID-19 ရောဂါကူးစက်နေသူတစ်ဦးကို မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ခဲ့တာ သုံးပတ်ရှိသွားပြီဆိုတော့ ရောဂါမပြန့်ပွားရေး၊ ကာကွယ်ရေးအတွက် ဘာတွေလုပ်ရမယ်ဆိုတာ ပိုသိလာပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစာတွေကို ရိက္ခာဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်ရွာမှာလည်း COVID-19 ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့စည်းမျဉ်းတွေကို မလိုက်နာတဲ့ ဖြစ်ရပ်တွေကြောင့် ဝေဖန်စရာဖြစ်ရတာကြောင့် စည်းကမ်းလိုက်နာကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
“ ရိက္ခာဖြန့်ဖြူရေးမှာ အစိုးရအုပ်ချုပ်ရေးပိုင်း၊ပြည်သူတွေ အားလုံးဝိုင်းဝန်းလုပ်ကိုင်ကြလို့အားရစရာပါ။ ဒါပေမယ့် ရောဂါကာကွယ်ရေးအတွက် မလိုက်နာတဲ့ ဖြစ်ရပ်တွေကြောင့် ဝေဖန်စရာဖြစ်ရပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူးဂရုစိုက်ပါ။ ဘယ်သူမျှ (ဝန်ကြီးချုပ်များ အပါအဝင်) COVID မပြီးပါဘူး။ ရောဂါကူးနိုင်ပါတယ်။ စည်းကမ်းလိုက်နာကြပါ” လို့လည်း ပြောဆိုခဲ့တာပါ။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၂၈ ဦးရှိနေပြီး သေဆုံးသူ ၃ ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ ၂ ဦးရှိနေပြီလို့လည်းသိရပါတယ်။