လူမှုကွန်ရက်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Facebook ဟာ Ray-Ban နဲ့Oakley နေကာမျက်မှန်တွေ ထုတ်လုပ်နေတဲ့ Luxottica ကုမ္ပဏီနဲ့လက်တွဲပြီး AR စမတ်မျက်မှန်တွေ ထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။
CNBC သတင်းအရ Luxottica နဲ့Facebook တို့ပူးပေါင်းပြီး ထုတ်လုပ်သွားမယ့် AR စမတ်မျက်မှန်ကို Orionလို့နာမည်ပေးထားတယ်လို့ဖော်ပြထားပါတယ်။ Orion ဟာ စမတ်ဖုန်းတွေရဲ့ နေရာမှာ အစားထိုးမယ့် ထုတ်ကုန်တစ်ခုဖြစ်လာဖို့ရှိပြီး ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သလို သတင်းအချက်အလက် ကြည့်တာ ၊ ကိုယ်ရှေ့က မြင်နေရတဲ့ မြင်ကွင်းကို တိုက်ရိုက် Livestreaming လွှင့်တာမျိုးလည်း လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။
Photo: Engadget
Facebook နဲ့Luxottica တို့ပူးပေါင်း ထုတ်လုပ်သွားမယ့် Orion မျက်မှန်ဟာ လာမယ့် ၂၀၂၃ နဲ့၂၀၂၅ ခုနှစ်ကြားမှာ ဈေးကွက်ထဲ ဝင်ရောက်လာဖို့ရှိပါတယ်။ Facebook ဟာ AR စမတ်မျက်မှန်တွေကို အချိန်ယူ တီထွင်ကြံဆမှုလုပ်ဆောင်နေပါတယ်။ ၂၀၁၇ ခုနှစ်က ကျင်းပသွားခဲ့တဲ့ Facebook ရဲ့ F8 Developer Conference မှာ ကုမ္ပဏီရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် မိုက်ချရော့ဖာက Virtual Reality (VR) နည်းပညာထုတ်ကုန်ပိုင်းမှာ ဖန်တီးမှုသစ်တွေ တိုးချဲ့လုပ်ဆောင်နေတယ်လို့ပြောခဲ့ပါတယ်။
Facebook ပိုင် VR ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Oculus ရဲ့ ခေါင်းဆောင်သိပ္ပံပညာရှင် မိုက်ကယ်အက်ဘ်ရက်ချ်က Augmented Reality နည်းပညာစစ်စစ်သုံး ထုတ်ကုန်တွေဟာ အနည်းဆုံး နောက် ၅ နှစ်လောက်မှ ထွက်ပေါ်လာလိမ့်မယ်လို့ပြောခဲ့ဖူးပါတယ်။ The Information ဝက်ဘ်ဆိုက်ရဲ့ သတင်းအရင်းအမြစ်တွေအရ Facebook ဟာ Snapchat Spectacles လိုမျိုး စမတ်မျက်မှန်တစ်မျိုးကိုလည်း ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။
Photo: 9to5google
Stalla လို့ ကုဒ်နာမည်ပေးထားတဲ့ ဒီမျက်မှန်ဟာ လာမယ့် ၂ နှစ်အတွင်း ဖြန့်ချိသွားမှာ ဖြစ်ပြီး Ray-Ban ကုမ္ပဏီ Luxottica နဲ့ပူးပေါင်းထုတ်လုပ်နေတာလို့The Information က ဖော်ပြထားပါတယ်။ ဒီသတင်းမှာပဲ ပိုပြီး အဆင့်မြင့်တဲ့ AR မျက်မှန် Orion ကိုထုတ်လုပ်ဖို့အတွက် Luxottica ပါမပါ မသိရသေးဘူးလို့ဆိုပါတယ်။
Facebook ဟာ စမတ်မျက်မှန်တွေမှာ အသံနဲ့အမိန့်ပေးစေခိုင်းနိုင်ဖို့ကိုယ်ပိုင် voice assistant တစ်ခု တီထွင်နေပါတယ်။