Realme ကတော့ ကုမ္ပဏီရဲ့ ပထမဆုံး wireless earbuds သစ်ဖြစ်တဲ့ Realme Buds Air နားကြပ်တွေ မိတ်ဆက်လိုက်ပါတယ်။
wireless charging အိမ်နဲ့ တရားဝင် ထွက်လာတဲ့ ဒီနားကြပ်တွေကို Realme X2 ဖုန်းသစ်တွေနဲ့အတူ နယူးဒေလီမှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီဇိုင်း Apple AirPods တွေနဲ့ အတော်လေး ဆင်တူပြီး တစ်ခါအားသွင်းထားတာနဲ့ ၁၇ နာရီ ကြာအောင် သီချင်းနားထောင်နိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။
Photo: GSMArena
Realme Buds Air ဟာ wireless charging စနစ် ပံ့ပိုးပေးထားတဲ့ ပလတ်စတစ် case အိမ်နဲ့ လာပြီး အလိုအလျောက် ချိတ်ဆက်မှုပိုင်းကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ အမြန်ချိတ်ဆက်မှုပိုင်းမှာ ကြန့်ကြာ နှောင့်နှေးမှု မရှိစေဖို့အတွက် Google Fast Pair protocol လည်း ပံ့ပိုးပေးထားပါတယ်။
Realme India ရဲ့ ထုတ်ကုန်မန်နေဂျာကတော့ Buds Air ဟာ Bluetooth 5.0 ပေါ်ကနေ လိုင်းဆွဲအား အထစ်အငေ့ါမရှိ ချိတ်ဆက်နိုင်အောင် ပံ့ပိုးထား customized R1 chip တစ်ခု သုံးထားတယ်လို့ ဆိုပါတယ်။ အသံထစ်တာကို ပုံမှန် 204ms ကနေ 120ms အထိ နှစ်ဆနီးပါးလျှော့ချ Gaming mode တစ်ခု ပါရှိပါတယ်။
မိုက်ခရိုဖုန်းနှစ်ခု ပါရှိပြီး တစ်ခုက ဖုန်းခေါ်ဖို့နဲ့ ကျန်တဲ့ တစ်ခုက in-call အဝင်ခေါ်ဆိုမှုမှာ ပါလာတဲ့ noise တွေ ဖယ်ရှားဖို့အတွက် ဖြစ်ပါတယ်။ ပိုမိုကြည်လင်ပြတ်သားတဲ့ အသံရဖို့ 12 mm bass booster တစ်ခုလည်း ပါရှိပြီး optical wear sensors တွေလည်း ထည့်ထားတယ်လို့ ဆိုပါတယ်။ ဒီအာရုံခံတွေကြောင့် နားကနေ နားကြပ်ကို ချွတ်လိုက်တာနဲ့ သီချင်းသံ အလိုအလျောက် ရပ်တန့်သွားမှာပါ။
Photo: gizmochina
voice assistant သုံးချင်တာ ၊ ဖုန်းအဝင်ခေါ်ဆိုမှုကို ဖြေချင်တာနဲ့ သီချင်း Play/Pause လုပ်တာအတွက်လည်း အထိအတွေ့ ထိန်း touch control စနစ် ပါလာပါတယ်။ အရောင်အနေနဲ့ အဖြူ ၊ အဝါ နဲ့ အနက် ၃ ရောင် နဲ့ လာပြီး Flipkart နဲ့ Realme ဝက်ဘ်ဆိုက်တွေပေါ်မှာ ၃၉၉၉ ရူပီး ( မြန်မာငွေ ၈ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။