နစ်နာသူကိုယ်စားလှယ်ထောင်နဲ့ချီရှိပါတယ်။

အီလက်ထရွန်နစ်ဖုန်းဘီလ်ဖြည့်သွင်းတဲ့ ဝန်ဆောင်မှုကုမ္ပဏီ Red Dot ပိတ်သိမ်းလိုက်တာကြောင့် နစ်နာသူကိုယ်စားလှယ်တွေစုပြီး တရားစွဲဆိုသွားမယ်လို့ ကိုယ်စားလှယ်အချို့က Duwun ကိုပြောပါတယ်။

လက်ရှိမှာ Red Dot ကုမ္ပဏီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး လုပ်ငန်းတွေ ပိတ်သိမ်းလိုက်တယ်လို့ ရုံးခန်းရှေ့မှာ ကြေညာစာထုတ်ပြန်ထားတာကြောင့် Red Dot နဲ့ ပူးပါင်းပြီး ဖုန်းဘေလ်ဝန်ဆောင်မှုလုပ်နေတဲ့ ကိုယ်စားလှယ်တွေ ကြိုတင်ငွေများ ဆုံးရှုံးခဲ့ရပါတယ်။

“ကုမ္ပဏီရဲ့စည်းကမ်းချက်နဲ့ တစ်လချင်းစီ လျော်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ သူတို့စည်းကမ်းချက်အတိုင်း တစ်လအတွင်း မပေးရင် တရားစွဲမယ်။ အွန်လိုင်းပေါ်မှာ ကမ်ပိန်းတွေလုပ်ပြီး နစ်နာသူတွေစုပြီး တရားစွဲသွားမယ်” လို့ နစ်နာသူ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုကိုဦးက Duwun ကို ပြောပါတယ်။

Red Dot အနေနဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ဥပေဒအဖွဲ့အစည်းနဲ့ စတင်ညှိနှိုင်းဆောင်ရွက်နေပြီး ကိုယ်စားလှယ်တွေရရှိဖို့ ကျန်တဲ့ငွေတွေကိုလည်း သက်ဆိုင်ရာ ဥပဒေအဖွဲ့အစည်းများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ပေးရန် လုပ်ဆောင်နေတယ်လို့ ကြေညာထားပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ Red Dot က ဆက်သွယ်လာမယ့် အချိန်ကာလတိုင်အောင် စောင့်ဆိုင်းပေးပါရန် ကြေညာစာထဲမှာ ဖော်ပြထားပါတယ်။ Red Dot ကုမ္ပဏီ ပိတ်သိမ်းမှုကြောင့် နစ်နာသူ ကိုယ်စားလှယ်ပေါင်း ထောင်နဲ့ချီရှိနေပြီး စက်တန်ဖိုးအပြင် ဘီလ်ပြန်လည်ရောင်းချဖို့ ဖြည့်သွင်းထားတဲ့ ကြိုတင်ငွေတွေ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က