Wave Money မှာ ဗဟိုဘဏ်မှလိုင်စင်ချပေးထားတာပါ။

Red Dot လုပ်ငန်း မြန်မာနိုင်ငံမှာ ရပ်ဆိုင်းကြောင်း ကြေညာပြီးနောက်ပိုင်း မိုဘိုင်းငွေကြေးဈေးကွက်အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိလာနိုင်တာကြောင့် Wave Moneyအနေနဲ့ ကိုယ်စားလှယ်တွေနဲ့ သုံးစွဲသူတွေကို အပြည့်အဝ တာဝန်ယူကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

(လုပ်ငန်း ရုတ်တရက်ရပ်ဆိုင်းခဲ့သည့် Red Dot ရုံးခန်းတည်နေရာ)

Red Dot နဲ့ မတူညီဘဲ Wave Money က မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လိုင်စင်ချထားပေးတဲ့ လုပ်ငန်းဖြစ်ပြီး ကိုယ်စားလှယ်တွေနဲ့ သုံးစွဲသူတွေရဲ့ ငွေကြေးတွေကို ကာကွယ်ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအရ ငွေကြေးတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ရိုးမဘဏ်မှာ Trust Account ငွေစာရင်းအဖြစ် ထိန်းသိမ်းထားတာကြောင့် အာမခံ ကိုယ်စားလှယ်များနဲ့ သုံးစွဲသူများရဲ့ ငွေကြေးများကို အပြည့်အဝ ကာကွယ်ထားတယ်လို့ ဆိုပါတယ်။

Wave Money ဟာ မြန်မာနိုင်ငံရှိ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှာ အလျင်မြန်ဆုံး တိုးတက်နေတဲ့ လုပ်ငန်းဖြစ်ပြီးTelenor လုပ်ငန်းစု ၊ ရိုးမဘဏ် အစရှိသဖြင့် ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံသူများမှ ကျောထောက်နောက်ခံပြုထားသော လုပ်ငန်းတစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းများအား လိုက်နာကျင့်သုံးပြီး ကိုယ်စားလှယ်များနှင့် သုံးစွဲသူများအား အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ Wave Money က ပြောထားပါတယ်။ သုံးစွဲသူများနှင့် ပူးပေါင်းလုပ်ဆောင်တဲ့ လုပ်ငန်းရှင်ပါတနာများအနေနဲ့ Wave Money နဲ့ ပတ်သက်ပြီး သိရှိလိုပါက အချိန်မရွေး Call Centre မှတဆင့် မေးမြန်းနိုင်တယ်လို့လည်း ကြေညာထားပါတယ်။

Red Dot ဟာ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ လုပ်ငန်းတွေပိတ်သိမ်းကြောင်း ကုမ္ပဏီတည်ရှိရာ York Center မှာ ကြေညာစာကပ်ထားခဲ့ပြီး ကိုယ်စားလှယ်ရယူထားသူ ထောင်နဲ့ချီ နစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က