ဖုန်းဝယ်ရင် Charger အဆစ်မရတော့တဲ့ Brand တွေထဲမှာ Xiaomi Redmi စီးရီးတွေလည်း ပါဝင်လာပါပြီ။
ပေးရတဲ့ဈေးနဲ့ အတန်ဆုံး စမတ်ဖုန်းတွေအဖြစ် နာမည်ကြီးတဲ့ Redmi ဖုန်းတွေဟာ ဖုန်းဗူးမှာ Charger မထည့်တဲ့ ခေတ်ရေစီးထဲ ဝင်ရောက်လာပြီလို့ ဆိုပါတယ်။ ဩဂုတ်လ ၂၆ ရက်က် (ဒီနေ့) အိန္ဒိယမှာ ကြေညာဖို့ ရှိတဲ့ Redmi Note 11SE ဟာ ဗူးထဲမှာ Charger မပါတဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်လာတော့မှာပါ။ Xiaomi India ရဲ့ တရားဝင်စာမျက်နှာမှာလည်း Redmi Note 11SE မှာ Charger မပါတော့တဲ့အကြောင်းကို အတည်ပြုထားပါတယ်။
Xiaomi India စာမျက်နှာရဲ့ ဖုန်းဗူး Package ပါဝင်ပစ္စည်းစာရင်းမှာ ဖုန်း ၊ USB-C Cable ၊ SIM Card Ejector ၊ ဖုန်းကာဗာ ၊ ဖုန်းအသုံးပြုနည်း လမ်းညွှန်နဲ့ Warranty Card တစ်ခုပဲ ထည့်ပေးထားပြီး Charger Bundle အကြောင်း ဖော်ပြလာခြင်း မရှိတော့ပါဘူး။ Xiaomi ဟာ ပြီးခဲ့တဲ့နှစ် Mi 11 Flagship စီးရီးက စပြီး ဖုန်းတွေမှာ Charger တုံး ထည့်ပေးမှုကို စတင် ရပ်ဆိုင်းလာခဲ့တာပါ။ တန်ဖိုးသင့် Redmi စီးရီးအတွက်တော့ ဖုန်းဗူးမှာ Charger မပါတာ အခုတစ်ကြိမ်က ပထမဆုံးပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ Charger မပါဘဲ ဖုန်းရောင်းတဲ့ ပထမဆုံးကုမ္ပဏီက Apple ဖြစ်ပြီး ကာဗွန်ထုတ်လုပ်မှု လျှော့ချမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၀ ခုနှစ်ထွက် iPhone 12 ကစလို့ ဖုန်းဗူးထဲမှာ Charger ထည့်သွင်းမှု ရပ်ဆိုင်းခဲ့တာပါ။ အဲ့ဒီအချိန်က ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ iPhone ဖုန်းတွေထဲ Charger ထည့်မပေးတာဟာ နှစ်စဉ် ကားအစီး ၄ သိန်းခွဲနီးပါး လမ်းပေါ်ရောက်မှုကို ဖယ်ရှားလိုက်တာလို့ ပြောခဲ့ပါတယ်။ တစ်ဖက်မှာလည်း Apple ဟာ Charger နဲ့ နားကြပ်တွေ မထည့်ပေးဘဲ iPhone ရောင်းတာကနေ တစ်နှစ်ကို ဒေါ်လာ ၆.၅ ဘီလျံကျော် အသားတင်အမြတ်ကျန်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။
Charger မပါတဲ့ iPhone ရောင်းချမှုကို အစောပိုင်းက ပြိုင်ဘက် စမတ်ဖုန်းကုမ္ပဏီတွေက လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြပါတယ်။ နောက်တော့လည်း Apple လိုပဲ သဘာဝပတ်ဝန်းကျင်ကို ချစ်ကြတဲ့ ကုမ္ပဏီတွေ အများကြီး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီ Samsung ဟာ Galaxy S21 စီးရီးကစပြီး Flagship ဖုန်းတွေမှာ Charger ထည့်သွင်းလာခြင်း မရှိတော့သလို တန်ဖိုးနည်း Samsung Galaxy A နဲ့ M Series တွေမှာလည်း Charger ထည့်သွင်းမှု ရပ်ဆိုင်းတော့မယ်လို့ သတင်းကြားနေရပါတယ်။
iPhone သစ်တွေမှာ Charger မပါတဲ့ ကိစ္စကြောင့် တချို့ဈေးကွက်တွေမှာ Apple ကို တရားစွဲခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းဖုန်းကုမ္ပဏီအတော်များများဟာ Charger ကို ဖယ်ရှားဖို့ပဲ လုပ်ဆောင်လာနိုင်ပါတယ်။ Redmi စီးရီးထဲက ပထမဆုံး Charger မပါတဲ့ဖုန်း ဖြစ်တဲ့ Redmi Note11 SE ဟာ 5000mAh ဘက်ထရီ ၊ 33W Fast Charging ပံ့ပိုးမှု ပါဝင်လာမှာပါ။ ဒီဖုန်းဟာ ဘေးဘောင်လက်ဗွေဖတ်စနစ် သုံးထားပြီး USB 2.0 Port ၊ NFC ၊ 30fps 4K Recording စနစ် နဲ့ သီးသန့် microSD Card Slot တစ်ခုလည်း ထည့်သွင်းပေးသွားမှာပါ။
Redmi Note 11SE ဟာ မျက်နှာပြင်ဆိုဒ် ၆.၄၃ လက်မ FHD+ AMOLED Display ရှိပြီး အမြင့်ဆုံးတောက်ပမှု 1100nits အထိ ပါရှိမှာပါ။ MediaTek Helio G95 SoC ပဲ သုံးမှာ ဖြစ်လို့ 5G Network တော့ ချိတ်ဆက်နိုင်မှာ မဟုတ်ပါဘူး။ အသုံးပြုသူတွေအနေနဲ့ အမြင့်ဆုံးဗားရှင်း RAM 8GB / UFS 2.2 129GB Storage အထိ ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ကင်မရာစနစ်ပိုင်းမှာ ရှေ့ဘက် 13MP Sensor နဲ့ ကျောဘက် 64MP + 8MP + 2MP + 2MP လေးလုံးတွဲကင်မရာ စနစ်တွေ အသုံးပြုလာမှာပါ။ Redmi Note 11 SE ဟာ Android 11 အခြေခံ MIUI 12.5 နဲ့ လာပြီး အိန္ဒိယဈေးကွက်အတွက် ဈေးနှုန်း မသိရသေးပါဘူး။