ဈေးကွက်ဖွံ့ဖြိုးမှုမြင့်တက်လာတဲ့ Refurbished စမတ်ဖုန်းဈေးကွက်မှာ Samsung ဟာ Apple ကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်ပြီလို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ အာမခံနဲ့ ပြန်ထုတ်လိုက်တဲ့ တစ်ပတ်ရစ်မော်ဒယ် Refur ဖုန်းဈေးကွက်ဟာ ၂၀၂၁ ခုနှစ်မှာ လူကြိုက်များလာပြီး ဈေးကွက်မျှော်မှန်းချက်တွေကို ကျော်လွန်လာခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်ဆန်းစစ်လေ့လာသူတွေကတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ နှစ်အလိုက် ဖွံ့ဖြိုးမှု ၁၅% ရှိခဲ့ပြီး Apple က အကြီးဆုံး Refur ဖုန်း ဖြန့်ချိသူ ဖြစ်ကာ Samsung က နံပါတ် ၂ နေရာမှာ ရပ်တည်နေပေမယ့် သူတို့နှစ်ဦးအကြား ကွာဟချက် ကျဉ်းမြောင်းနေတယ်လို့လည်း ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်း စမတ်ဖုန်းသစ်ရောင်းအား ၄.၅% မြင့်တက်ခဲ့တာနဲ့ စာရင် Refur ဈေးကွက်ဖွံ့ဖြိုးမှုဟာ အတော်ကြီး တိုးတက်လာတာ ဖြစ်ပါတယ်။ ဖုန်းဝယ်သူတွေအနေနဲ့ 5G ဖုန်း ဝယ်လိုအားတိုးလာခြင်းက ပြီးခဲ့တဲ့နှစ်အတွင်း Refur အလုံးတွေ အဝယ်လိုက်ခြင်းကို အထောက်အကူပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ 5G ဖုန်းသစ် ကိုင်မယ့် စမတ်ဖုန်းဝယ်သူတွေဟာ ငွေကုန်ကြေးကျသက်သာအောင် ဖုန်းသစ်ကို အလိုက်ပေးလဲရတဲ့ Trade-In မျိုးတွေ လုပ်ခဲ့ကြတာပါ။
Trade-In ဖွင့်ပေးလိုက်တာကြောင့် Refur ပြန်ထုတ်နိုင်မယ့် ဖုန်းဟောင်းတွေကို ထွက်လာပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Chip နဲ့တခြားအစိတ်အပိုင်း ပစ္စည်းပြတ်လပ်မှုတွေ ကြုံချိန်မှာ ဖုန်းသစ်ရောင်းနေတဲ့ e-Commerce လက်လီစတိုးဆိုင်တွေမှာ Refur ဖုန်းတွေ အဝယ်လိုက်လာတာပါ။ CounterPoint အချက်အလက်တွေအရ လက်တင်အမေရိကဟာ Refur ဖုန်းအရောင်း ၂၉% မြင့်တက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက်အဖြစ် ရပ်တည်နေပြီး အိန္ဒိယက နှစ်အလိုက်ဖုန်းအရောင်းလိုက်မှု ၂၅% နှုန်းနဲ့ ဒုတိယအကြီးဆုံး ဈေးကွက်အဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်ဟာ အကြီးဆုံး Refur ဖုန်းဈေးကွက်ဖြစ်ပေမယ့် ဝင်ငွေအရ နှစ်အလိုက်ဖွံ့ဖြိုးမှုဟာ ၁၀% ပဲ ရှိခဲ့တာပါ။ အမေရိကန်ဈေးကွက်ကတော့ နှစ်အလိုက်ဖွံ့ဖြိုးမှု ၁၅% ရှိပြီး တတိယအကြီးဆုံး Refur ဈေးကွက်ဖြစ်လာပါတယ်။ Refur ဖုန်းဈေးကွက်မှာ Apple ဟာ လူကြိုက်အများဆုံး Brand ဖြစ်ပြီး သူ့နောက်မှာ Samsung က ရှိနေပါတယ်။ ဈေးကွက်စောင့်ကြည့်သူတွေရဲ့ အဆိုအရ Samsung ရဲ့ ပြန်ထုတ်ဖုန်းတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ Apple ထက် ဖွံ့ဖြိုးမှု ပိုမြန်ဆန်ခဲ့တယ်လို့ ဆိုပါတယ်။
ဈေးကွက်ဝေစုအနေနဲ့ အတိအကျ ဖော်ပြခြင်း မရှိပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ Trade-In Deals တွေ နဲ့ Pre-Order ဘောနပ်စ်တွေပေးတာကြောင့် Samsung Refur ဖုန်းကို ဝယ်ယူမှုနှုန်းဟာ မြင့်မားလာတာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Samsung အွန်လိုင်းစတိုးတွေကနေ Galaxy S21 5G ၊ Galaxy S21+ 5G နဲ့ Galaxy S21 Ultra 5G တို့ကို Refurbished မော်ဒယ်တွေအဖြစ် ဈေးကွက်တင်ရောင်းထားပါတယ်။ Samsung အနေနဲ့ Refur ဖုန်းလောကမှာ Apple ကို ကျော်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။