ကွန်ပျူတာစနစ်နဲ့ အလိုအလျောက် ဖုန်းခေါ်ဆိုမှုလုပ်တဲ့ Robocall တွေအတွက် ဥပဒေတစ်ခု ထွက်လာပြီ ဖြစ်ပါတယ်။
ကြာသာပတေးနေ့က ကွန်ဂရက်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကို လာမယ့်ရက်အနည်းငယ်အတွင်း သမ္မတထရမ့်မှ လက်မှတ်ထိုးအတည်ပြုသွားဖို့ ရှိပါတယ်။ တရားမဝင်တဲ့ Robocalls ခေါ်ဆိုမှုတွေကို ဒဏ်ရိုက်မယ့် ဥပဒေကို တယ်လီဖုန်း robocall တလွဲအသုံးပြုမှုအပေါ် ဥပဒေစိုးမိုးရေးနဲ့ တားမြစ်ချက် အက်ဥပဒေ TRACED Act လို့ နာမည်ပေးထားပါတယ်။
Photo: CNN
TRACED Act အရ တရားမဝင်တဲ့ Robocall ခေါ်ဆိုမှု ပြုလုပ်တဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ခေါ်ဆိုမှုတစ်ခု လုပ်တိုင်း ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်က ဒေါ်လာ ၁ သောင်းအထိ ဒဏ်ရိုက်မယ်လို့ The Verge က ဆိုပါတယ်။ အမေရိကန်ရဲ့ အဓိက တယ်လီကွန်းအော်ပရေတာတွေ AT&T ၊ Verizonနဲ့ T-Mobile တို့ဟာ သူတို့ရဲ့ ကွန်ရက်သုံး ဖောက်သည်တွေအနေနဲ့ နောက်ပြောင် လိမ်လည်ခေါ်တဲ့ နံပါတ်ဟုတ်မဟုတ် အသိပေးသွားမယ့် STIR/SHAKEN နည်းပညာသစ်ကို သုံးသွားမှာပါ။
" လွှတ်တော်က တရားမဝင်တဲ့ robocall တွေ ဖြုတ်ချဖို့ ဥပဒေတစ်ခု မြန်မြန်ဆန်ဆန် ရေးဆွဲဖြစ်တာကို ဝမ်းသာပါတယ်။ အမေရိကန် ပြည်သူတွေအနေနဲ့ အဆက်မပြတ် ဝင်လာတဲ့ တရားမဝင် robocall တွေကနေ ကင်းဝေးစေဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo: The Verge
robocall ခေါ်ဆိုမှုဟာ ပြီးခဲ့တဲ့ ၁၁ လအတွင်း အမေရိကန် စမတ်ဖုန်းသုံးစွဲသူတွေဟာ အကြိမ်ပေါင်း သန်း ၅၄၀၀၀ ခန့်အထိ ရှိတယ်လို့ YouMail က ဆိုပါတယ်။ ဖုန်းခေါ်ဆိုမှု ပိတ်ပင်တဲ့ call-blocking အက်ပလီကေးရှင်း YouMail ရဲ့ အဆိုအရ ဒီဖုန်းခေါ်ဆိုမှုတွေရဲ့ ၆၀% ဟာ လိမ်လည် လှည့်ဖျားဖို့ ခေါ်ဆိုကြတာလို့လည်း ပြောပါတယ်။
ကွန်ပျူတာ စနစ်သုံးပြီး အလိုအလျောက် ဖုန်းခေါ်တဲ့ autodialer ဖုန်းခေါ်ဆိုမှုဟာ ကြိုတင်အသံသွင်းထားတဲ့ အမှာစကားကို ပြောတာမျိုး ဖြစ်ပြီး တစ်ခါတစ်လေမှာ နိုင်ငံရေးနဲ့ တယ်လီမားကတ်တင်း ကမ်ပိန်းတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။