Honor ရဲ့ ပထမဆုံး Rugged Smartwatch ဖြစ်တဲ့ Watch GS Pro ကို ကြေညာလိုက်ပါတယ်။
Honor Watch GS Pro ဟာ စက်ဝိုင်းပုံဒိုင်ခွက်နဲ့ လာပြီး ၁.၃၉ လက်မ AMOLED display သုံးထားပါတယ်။ နာရီဘောင်ဟာ စတိန်းလတ်စတီးဖြစ်ပြီး ပိုလီကာဗွန်နိတ်ကိုယ်ထည်နဲ့ ဆီလီကွန်လက်ပတ်ကြိုးနဲ့ လာပါတယ်။ အကြမ်းခံမှုအတွက် အထူးထုတ်ထားတဲ့ စမတ်နာရီ ဖြစ်တဲ့အတိုင်း အပူချိန် ၊ လွတ်ကျတဲ့ ဒဏ်နဲ့ ရေစိမ်ခံနိုင်မှုတွေ ပါဝင်တဲ့ 14 MIL-STD-810G ထောက်ခံချက် ရရှိထားပါတယ်။
Photo: gadgetbridge
ဒီနာရီဟာ စွန့်စားခန်းတွေ ဖွင့်တတ်တဲ့ ခရီးသွားတွေအတွက် ထုတ်ထားတဲ့ နာရီလို့ ဆိုနိုင်ပါတယ်။ Honor Watch GS Pro မှာ တောင်ဆင်းတောင်တက် ၊ စကိတ်စီးခြင်းနဲ့ ရေကူးခြင်းတွေ ဝါသနာထုံသူတွေအတွက် ဒီရေအတက်/အကျ ၊ ရာသီဥတု ကောင်း/မကောင်း ၊ စကိတ်နဲ့ နှင်းလျှောစီး လမ်းကြောင်းတွေ ၊ တောထဲ လမ်းပြစနစ်ပါ ဖုန်းကနေ ညွှန်ကြားပေးနိုင်ပါတယ်။
Honor Watch GS Pro မှာ ဒီလိုမျိုး workout modes ပေါင်း ၁၀၀ ကျော် ပါရှိပြီး နှလုံးခုန်နှုန်းစောင့်ကြည့်စနစ်ပါ ထည့်ထားပါတယ်။ ဒါ့အပြင် အိပ်စက်မှု ခြေရာခံခြင်းနဲ့ အောက်ဆီဂျင်အခြေအနေကြည့်ရှုနိုင်မယ့် စနစ်တွေပါ ပါဝင်လာပါတယ်။ သုံးထားတဲ့ processor ဟာ Huawei Watch GT 2 နဲ့ FreeBuds 3 တို့မှာ သုံးခဲ့တဲ့ Kirin A1 chipset ဖြစ်ပြီး ဘက်ထရီပါဝါဟာ Low-power mode မှာ ၂၅ ရက်အထိ အားခံမှာပါ။
ဘက်ထရီပါဝါဆွဲအားမြင့်တဲ့ GPS mode နဲ့ သုံးမယ်ဆိုရင် ၄၈ နာရီအထိ အားခံမယ်လို့ ဆိုပါတယ်။ Bluetooth 5.1 ချိတ်ဆက်မှု ပါပြီး Camo Blue ၊ Charcoal Black နဲ့ Marl White ကာလာ ၃ ရောင်နဲ့ လာပါတယ်။ ဈေးနှုန်း ယူရို ၂၅၀ (မြန်မာငွေ ၄ သိန်းခန့် ) ကျသင့်မှာပါ။