ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က ချဲလ်ဆီးအသင်းပရိသတ်တွေရဲ့ ဝိုင်းဝန်းပြစ်တင်လှောင်ပြောင်ခံခဲ့ရတဲ့ ဆာအူးလ်ဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ အက်သလက်တီကို မက်ဒရစ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တဲ့ ၂ ပွဲစလုံး ပထမပိုင်းအပြီးမှာပဲ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဆာအူးလ် နီဂယ်ဟာ အဲဗာတန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ် ၄ ပွဲမြောက်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး အဲဗာတန်အသင်း ရရှိသွားခဲ့တဲ့ ချေပဂိုးမှာ အဓိကတာဝန်ရှိသူအဖြစ် ပရိသတ်တွေရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဆာအူးလ်ဟာ စပိန်မှာ ကစားတုန်းက ကဏ္ဍအတိုင်း၊ တာဝန်အတိုင်း ကစားနိုင်ခြင်းမရှိသေးဘူးလို့ ဝန်ခံခဲ့ပေမယ့် ကစားသမားတွေဘက်ကနေ အမြဲတမ်း ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ဆာအူးလ်အနေနဲ့ အက်သလက်တီကိုမှာ လုပ်ခဲ့တဲ့အတိုင်း လုပ်နေရပြီး တူညီတဲ့ကဏ္ဍ၊ တူညီတဲ့ တာဝန်ယူမှုတွေနဲ့ တူညီတဲ့လူတစ်ယောက်လို့ ခံစားရလားဆိုရင် ဟင့်အင်း။ ခုထိတော့ မခံစားရသေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ ရုန်းကန်နေရတာလားဆိုရင် ဟုတ်ပါတယ်။ သူ ရုန်းကန်နေရပါတယ်။ သူက ပရီးမီးယားလိဂ်ကို ရောက်လာပြီး ရုန်းကန်ရတဲ့ ပထမဆုံးကစားသမားလားဆိုရင် မဟုတ်ပါဘူး။ သူက နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ပါဘူး"
"ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ကျွန်တော်တို့ ကာကွယ်သွားမှာပါ။ ကျွန်တော့်ကစားသမားတွေဘက်ကနေ အမြဲတမ်း ကျွန်တော် ကာကွယ်ပေးမှာပါ။ ကြာသပတေးနေ့က သူ ကျောနံပါတ် ၆ အဖြစ်၊ ကျောနံပါတ် ၉ အဖြစ်၊ နောက်ခံတောင်ပံအဖြစ်နဲ့ သူ ကစားခဲ့ရတယ်။ အဲဒါက သူ့အတွက် မျှတလားဆိုရင် ဟင့်အင်း။ မမျှတပါဘူး။ အဲဒီတော့ ဒါကို ဆက်စပ်ပြီး သုံးသပ်တဲ့နေရာမှာ ကျွန်တော်တို့တွေ အလယ်အလတ်ကျတဲ့ ရှုမြင်ပုံနဲ့ အလယ်အလတ်ကျတဲ့ တုံ့ပြန်မှု နည်းနည်းပိုရှိဖို့ လိုပါတယ်"
"လူတွေက ကြာသပတေးနေ့အပြီးမှာ စိတ်ပျက်ခဲ့ကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒီလို တုံ့ပြန်မှုတွေက ဘာကြောင့် ကျွန်တော် လူမှုကွန်ရက်ကို မသုံးတာလဲဆိုတဲ့ အကြောင်းအရင်းပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ကာကွယ်တယ်။ ဘာလို့လဲဆိုတော့ ဒီဟာတွေက ခင်ဗျားကို စိတ်လှုပ်ရှားအောင် လုပ်နိုင်ပြီး ဆားအူးလ် အဲဒါကို မဖတ်မိဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ သူနဲ့ပတ်သက်ပြီး ဘာတွေတွေးနေလဲဆိုတာ သူ သိပါတယ်။ သူ ဘာတွေ တိုးတက်အောင်လုပ်ရမလဲဆိုတာကိုလည်း သူ သိတယ်။ သူလုပ်နိုင်သမျှ အရာအားလုံးကို သူလုပ်နေပါတယ်"
"အခု အချိန်မှာတော့ သူ ရုန်းကန်နေရပေမယ့် ကျွန်တော်တို့ သူ့ရဲ့အကောင်းဆုံးပုံစံကို ရှာတွေ့နိုင်ဖို့ အတူတူ လုပ်ဆောင်နေကြဆဲဖြစ်ပြီး ကျွန်တော်တို့ တွန်းအားပေးနေတာကို ရပ်တန့်သွားမှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။