ခရီးသည်အချက်အလက် ရယူမှုအပါအဝင် ဥပဒေနဲ့မညီတဲ့လုပ်ရပ် ၁၆ ခုအထိ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။

တရုတ်ကားအငှားဝန်ဆောင်မှုလုပ်ငန်း Didi ကို တရုတ်အစိုးရဟာ ယွမ် ၈ ဘီလျံကျော် (ဒေါ်လာ ၁.၁၈ ဘီလျံ) ဒဏ်ရိုက်လိုက်ပါတယ်။



နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး Didi ကုမ္ပဏီကို တရုတ်နိုင်ငံ ဆိုက်ဘာဆက်သွယ်မှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ CAC က ဒဏ်ငွေ ယွမ် ၈.၀၂၆ ဘီလျံ ဒဏ်ရိုက်လိုက်တာပါ။ Didi ကုမ္ပဏီအနေနဲ့ ဥပဒေချိုးဖောက်ကြောင်း CAC ဘက်က ငြင်းကွယ်လို့ မရတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့လည်း ကြာသာပတေးနေ့က ပြောပါတယ်။ Didi Global ဟာ ခရီးသည်အချက်အလက် ရယူမှုအပါအဝင် ဥပဒေနဲ့မညီတဲ့လုပ်ရပ် ၁၆ ခုအထိ ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ 



Didi ဟာ နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ ၊ အချက်အလက်လုံခြုံရေးဥပဒေ နဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ သတင်းအချက်အလက် ကာကွယ်ရေး ဥပဒေ PIPL တွေကို ချိုးဖောက်ရာရောက်တယ်လို့ CAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CAC ရဲ့ ထုတ်ပြန်ချက်ထဲမှာ Didi ဟာ ခရီးသည်တွေရဲ့ မျက်နှာပြင်ဖတ်ရှုမှု အချက်အလက် ၁၀၇ သန်းအပါအဝင် ဓါတ်ပုံနဲ့ မက်ဆေ့ချ်တို စတဲ့ ကားအငှားဝန်ဆောင်မှု အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဥပဒေနဲ့မညီ ရယူခဲ့တယ်လို့လည်း ဆိုပါတယ်။ 

CAC ဟာ Didi ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ချန်းဝေနဲ့ ဥက္ကဌ လီယုကျင်တို့ကိုလည်း သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ယွမ် ၁ သန်း (ဒေါ်လာ ၁ သိန်းခွဲနီးပါး) စီ ဒဏ်ရိုက်ခဲ့တယ်လို့ China Daily သတင်းက ဖော်ပြပါတယ်။ Didi ကုမ္ပဏီဘက်ကလည်း တရုတ်လူမှုကွန်ရက် Weibo ပေါ်မှာ အစိုးရရဲ့ အဆုံးအဖြတ်ကို သိရှိကြောင်းနဲ့ သတ်မှတ်ဒဏ်ကြေးကို ပေးဆောင်မှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဘေဂျင်းအခြေစိုက် Didi ကားအငှားဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ ကုမ္ပဏီတွင်း အကဲဖြတ်ဆန်းစစ်မှုတစ်ရပ် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အပြင် ဆိုက်ဘာလုံခြုံရေး ၊ ဒေတာလုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ လုံခြုံရေးစနစ်တွေ ခိုင်မာစေဖို့ CAC နဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဖြည့်စွက်ပြောကြားထားပါတယ်။

ကြာသာပတေးနေ့က CAC ရဲ့ ထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့နှစ်က New York Stock Exchange (NYSE) မှာ Didi ကုမ္ပဏီ ရှယ်ယာစတင် ရောင်းချပြီးနောက် ရက်ပိုင်းအတွင်း စတင်စုံစမ်းခဲ့တဲ့ အမှုလည်း ဖြစ်ပါတယ်။ ၂၀၂၁ ဇူလိုင်လထဲမှာ ကိုယ်ရေးအချက်အလက် အသုံးပြုမှုနဲ့ ရယူစုဆောင်းမှုလုပ်ဆောင်ခဲ့တဲ့အတွက် Didi App ကို ဒေသတွင်း App Stores တွေပေါ်ကနေ ဖယ်ရှားဖို့ CAC က ညွှန်ကြားခဲ့ပါတယ်။ 



ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ အမေရိကန်စတော့ခ်ဈေးကွက်ထဲ ဝင်ရောက်ခဲ့တဲ့ Didi ကုမ္ပဏီကို တရုတ်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ဖိအားပေးမှု လုပ်လာခဲ့တာပါ။ အမေရိကန်စတော့ခ်ဈေးကွက်ထဲ ဝင်ရောက်ပြီး ရက်ပိုင်းအတွင်း တရုတ်အစိုးရဘက်က နိုင်ငံခြားဈေးကွက်မှာ အစုရှယ်ယာစာရင်းသွင်းမှုကို ဖြိုခွဲမှုလုပ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ Didi ကုမ္ပဏီဟာ ၂၀၂၂ ဇွန်လထဲမှာ NYSE ကနေ ပယ်ဖျက်ခဲ့ပြီး အမေရိကန်စတော့ခ်ဈေးကွက်ကနေ ထွက်ခွာခဲ့ရပါတယ်။ အမေရိကန်စတော့ခ်ဈေးကွက်ကနေ နှုတ်ထွက်ခဲ့ပြီးနောက် Didi ဟာ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ဟောင်ကောင်မှာ ပြန်စာရင်းသွင်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ရှိတဲ့ နည်းပညာလုပ်ငန်းစုကြီးတွေအပေါ် အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွဲမှုတွေ လုပ်နေသလို တင်းကြပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်။ ဒီထဲမှာ Alibaba ကုမ္ပဏီကို စံချိန်တင် ဒဏ်ရိုက်တာ ၊ Tencent ကို Apps သစ် ထုတ်လုပ်မှု ဆိုင်းငံ့တာတွေလည်း ပါဝင်ပါတယ်။ 

Share

Loading Next Article...
က္က