စင်ကာပူအခြေစိုက် Cryptocurrency အိတ်ချိန်းကုမ္ပဏီတစ်ခုရဲ့ ဖောက်သည်အကောင့်ပေါင်း ၄၈၀ ကျော်ကို ဟက်ကာတွေက ထိန်းချုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
Crypto.com ရဲ့ အမှုဆောင်အရာရှိချုပ် ခရစ္စ မားစ်ဇာလက်ခ်က Bloomberg TV နဲ့ အင်တာဗျူးတစ်ခုမှာ ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပြီး ဟက်ကာတွေဟာ ကုမ္ပဏီရဲ့ ဖောက်သည်အကောင့်ပေါင်း ၄၈၃ ကောင့်ထဲ ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအပြီးမှာ ကုမ္ပဏီဟာ Bitcoin နဲ့ Ethereum သန်း ၃၀ ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဝန်ခံထားပါတယ်။
Photo: Fortune
ကုမ္ပဏီရဲ့ ဘလော့ဂ်ပို့စ်မှာ တရားဝင်မဟုတ်တဲ့ ဝင်ရောက်ရယူမှုကနေ ဒေါ်လာ ၁၅.၂ သန်းနဲ့ ညီမျှတဲ့ ETH ပေါင် ၄၈၃၆.၂၆ ခုနဲ့ ဒေါ်လာ ၁၈.၆ သန်းတန်တဲ့ BTC ၄၄၃.၉၃ ခု ပါသွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါက လက်ရှိ Cryptocurrency ပေါက်ဈေးနဲ့ အကြမ်းဖျဉ်း ဖော်ပြတာ ဖြစ်ပါတယ်။ ကျန်တဲ့ Currency တွေထဲကလည်း ဒေါ်လာ ၆၆၂၀၀ ဖိုး ပါသွားခဲ့တယ်လို့ သိရပါတယ်။
Crypto.com ကုမ္ပဏီရဲ့ သုံးစွဲသူ အကောင့်ပေါင်း ၄၈၃ ကောင့်လည်း ပေါက်ကြားခဲ့ပြီး ကုမ္ပဏီဘက်က ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတဲ့ ဖောက်သည်တွေရဲ့ ဆုံးရှုံးမှုအတွက် အပြည့်အဝ ပြန်လျော်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုထိတော့ လုံခြုံရေးကျိုးပေါက်မှုမှာ ဘယ်နည်းလမ်းတွေနဲ့ ချိုးဖောက်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ကုမ္ပဏီဘက်ကတော့ 2FA ခံပြီး ထိန်းချုပ်မထားတဲ့ Users အကောင့်တွေကနေ ပေါက်ကြားတာလို့ ဆိုပေမယ့် 2FA လုံခြုံရေးစနစ် သုံးထားတဲ့ အကောင့်တွေထဲကလည်း အခိုးခံခဲ့ရတယ်လို့ ကာယကံရှင်တွေက ကုမ္ပဏီရဲ့ Twitter ကြေညာချက်အောက်မှာ မှတ်ချက်ရေးထားပါတယ်။
Photo: Yahoo Finance
အခုလို ဆိုက်ဘာတိုက်ခိုက်ခံရမှုရဲ့ အကျိုးဆက်အနေနဲ့ ကုမ္ပဏီဟာ သူ့ရဲ့ နှစ်ဆင့်ခံသက်သေစနစ် 2FA ကို Architecture သစ်ထဲ ပြောင်းရွှေ့ထားပြီး လက်ရှိ ရှိနေတဲ့ 2FA Tokens တွေ အားလုံးလည်း ပြန်ပြီး ပယ်ဖျက်ထားတယ်လို့ ဆိုပါတယ်။ Crypto ငွေကြေးဖလှယ်ရေးလုပ်ငန်းတွေဟာ အခုနောက်ပိုင်းမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်လာနေပါတယ်။
၂၀၂၁ ခုနှစ်ထဲမှာ ဒေါ်လာ ၁၀ သန်းနဲ့အထက် ခိုးယူခံလိုက်ရတဲ့ Crypto Exchange လုပ်ငန်း ၂၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အနည်းဆုံးဖြစ်စဉ် ၆ ခုမှာ ဟက်ကာတွေဟာ ဒေါ်လာသန်း ၁၀၀ ကျော်အထိ ခိုးယူခဲ့တယ်လို့ NBC News က ဖော်ပြထားပါတယ်။