ယူနိုက်တက်တို့ အဝေးကွင်းမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာပါ။

ယူနိုက်တက်ကတော့ ဒီပွဲမှာ ရော်နယ်ဒို၊ ကက်စ်မဲရိုးတို့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ လင်ဒီလော့ဖ်၊ မာတီနက်ဇ်တို့ ပါဝင်ခဲ့ပါတယ်။ ဆန်ချို၊ အန်တိုနီတို့လည်း ရော်နယ်ဒိုနဲ့ တွဲဖက်ပွဲထွက်ခဲ့ပြီး ပထမပိုင်းမှာ ကစားပုံကောင်းသည့်တိုင် အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ရုန်းကန်ခဲ့ရပါတယ်။



အိုမိုနီးယားကတော့ တန်ပြန်တိုက်စစ်ကိုပဲ အားပြုပြီး ကစားခဲ့ရတာပါ။ ဒါပေမယ့် မာလာစီယာရဲ့ အမှားကတဆင့် ကောင်တာလုံးဝ ပေါက်ထွက်သွားခဲ့ပြီး ယူနိုက်တက်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ အန်တိုနီ၊ ရော်နယ်ဒိုတို့ရဲ့ ကန်ချက်တွေကို ပြိုင်ဘက်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ယူနိုက်တက်တို့ ပထမပိုင်းမှာ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ဒ်၊ လုခ်ရှောဝင်လာတဲ့နောက် ယူနိုက်တက် ဘယ်ခြမ်းက ပိုသွက်လာခဲ့ပြီး ရော်နယ်ဒို လမ်းကြောင်းဖွင့်ပေးတာကတဆင့် ရပ်ရှ်ဖို့ဒ်က ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းတပိုင်းလုံးက ယူနိုက်တက်ရဲ့ပွဲဖြစ်ခဲ့ပြီး အိုမိုနီးယားတို့ ဘာမှမတုံ့ပြန်နိုင်ခဲ့ပါဘူး။ အဲ့ဒီနောက် မာရှယ်လ်က လူစားဝင်လာလာချင်းမှာတင် ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ပေါက်ကတဆင့် ဧရိယာထိပ်ကနေပဲ ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဒီပွဲမှာ ဂိုးကံခေခဲ့ပြီး ဒါလော့ခင်းပေးတဲ့ အပိုင်အခွင့်အရေးကိုတောင် တိုင်ထိအောင် ကန်ခဲ့မိပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ထပ်သွင်းဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးခဲ့ပါသေးတယ်။ ယူနိုက်တက်တို့ ၁-၃ ဂိုးနဲ့ပဲ ဂိုးပြတ်နိုင်တော့မယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် မထင်မှတ်ဘဲ တဂိုးပြန်ပေးလိုက်ရပြီး ၂-၃ ဂိုးနဲ့သာ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ရှိနေတဲ့ကာလမှာတောင် အခုလိုမျိုး ဆိုက်ပရပ်စ်ကလပ်နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ လူစုံတက်စုံပွဲထုတ်နေရတာက အချိန်ကြာလာတာနဲ့အမျှ အသင်းကို ပွဲပန်းစေမှာပါ။ တန်ဟက်ခ်တယောက်လည်း ဒါကို သတိပြုမိမှာဖြစ်ပေမယ့် အုပ်စုတက်ရေး စိတ်ချရအောင် ပြင်ဆင်ထားသလားဆိုတာကိုတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ 

Share

Loading Next Article...
က္က