အမယ်စုံစုံလင်လင်စားချင်ရင်တော့ (၁၁) နာရီကနေ (၁၂) နာရီအတွင်းလာရောက်စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။

မင်းလမ်းအမဲအူတုတ်ထိုးဆိုင်လေးကတော့ အစားအသောက်ချစ်သူတွေအကြား မသိသူမရှိလောက်တဲ့ ဆိုင်လေးဖြစ်ပါတယ်။ အရင်က မင်းလမ်းမှာ လမ်းဘေးခုံလေးနဲ့ ရောင်းခဲ့တဲ့ မင်းလမ်းအမဲအူတုတ်ထိုးက အခုဆို ဆိုင်ခန်းလေးနဲ့ ဖြစ်လာတာ ၆ လ ဝန်းကျင်ရှိပါပြီ။ 




မင်းလမ်းအမဲတုတ်ထိုးဆိုင်လေး ဆိုင်ခန်းလေးနဲ့ဘယ်လိုဖြစ်လာ


စားသုံးသူတွေ ကြိတ်ကြိတ်တိုးတာကြောင့် လမ်းဘေးဆိုင်လေးနဲ့ ရောင်းရတာ အဆင်မပြေဖြစ်လာတာကြောင့်ဆိုပြီး ဆိုင်ခန်းလေးနဲ့ သပ်သပ်ရပ်ရပ်လေးဖွင့်လှစ်ခဲ့တာလို့ ဆိုင်ရှင် ဦးလေးကြီးက ဆိုပါတယ်။ ဆိုင်ခန်းလေးနဲ့ ဖြစ်လာတာကြောင့် စားသုံးသူတွေလည်း စားရတာ ပိုမိုအဆင်ပြေလာပြီး ယခင်လမ်းဘေးက မူလလက်ဟောင်းဆိုင်လေးနဲ့ ဆိုင်ခန်းလေးနဲ့ ဆိုင်ဆိုပြီး နှစ်ဆိုင် ဖွင့်လှစ်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါပြီ။



“ ဆိုင်ခန်းလေးကို ၂၀၂၃ ခုနှစ် ၆ လပိုင်းမှာ ဖွင့်ခဲ့တာပါ။ ဖွင့်တာက ၂၀၀၈ ၆ လပိုင်းက စခဲ့တာ အခုဆို ၁၅ ၁၆ နှစ်လောက်ရှိပြီ။ အမြတ်ကြီးလည်းမစားဘူး ကိုယ့်ဘက်သူ့ဘက် မျှအောင် လုပ်တာပေါ့။ အဓိက စေတနာကြောင့် ဒီလိုလေးဖြစ်လာတာပါ” လို့ ဆိုပါတယ်။ 


ပန်းထိမ်သမားတစ်ဦးဘဝကနေ အမဲအူတုတ်ထိုးသည်ဖြစ်လာသူ     


အမဲအူတုတ်ထိုး ဆိုင်ရှင်ဟာ အရင်က ပန်းထိမ်သမားတစ်ဦး အဖြစ် ရပ်တည်ခဲ့သူပါ။ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းကြီး အပြီးမှာတော့ လုပ်ငန်းအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတဲ့နောက်ပိုင်း ပန်းတိမ်အလုပ်ကို ရပ်နားလိုက်ပြီး ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ အမဲအူတုတ်ထိုးဆိုင်လေးဖွင့်ဖို့ စိတ်ကူးမိခဲ့တာလို့ ဆိုပါတယ်။

"ဦးလေးက ပန်းတိမ်အလုပ်နဲ့ အမဲအူဆိုင် ဒီလုပ်ငန်းနှစ်မျိုးပဲ လုပ်ဖူးတာ။ နာဂစ်ပြီးတော့ အလုပ်အကိုင်တွေရှားပါးသွားတာနဲ့ ဘာလုပ်ရမလဲစဥ်းစားပြီး ဒီအလုပ်ကိုလုပ်ခဲ့တာ။ အဲ့ဒီ့အချိန်တုန်းကတော့ အမဲအူတုတ်ထိုးတွေကို စည်းစနစ်တကျ လုပ်တာမျိုးသိပ်မရှိဘူးပေါ့။ ဦးလေးလည်း ဒီအလုပ်ကိုလုပ်ရင်းလုပ်ရင်းနဲ့ အခုလိုအခြေအနေဖြစ်လာတာပါ" ဆိုပြီး ရခိုင်တိုင်းရင်းသားသံဝဲဝဲနဲ့ ဆိုင်ပိုင်ရှင် ဦးလေးကြီးက ဆိုပါတယ်။ 


မင်းလမ်း အမဲအူတုတ်ထိုးဆိုင်ရဲ့ နာမည်ကြီးရတဲ့ လျှို့ဝှက်ချက်


မင်းလမ်းအမဲအူတုတ်ထိုးဆိုင်ရယ်လို့ နာမည်ကြီးနေတဲ့ လျှို့ဝှက်ချက်ကလည်း ရှိနေပြန်ပါတယ်။ အမဲအူစုံတွေကိုသုပ်ရာ၊ပြုတ်ရာမှာ သုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေထဲက ထူးခြား တဲ့ ငရုတ်သီးထောင်းကြောင့်ပဲ ဖြစ်ပါတယ်။ ငရုတ်သီးတွေကို တစ်နေ့ (၂) ပိဿာလောက်ထောင်းရပြီး ရခိုင်ငရုတ်သီး ထောင်းစပ်စပ်လေးနဲ့ သံပုရာရည်၊ ငရုတ်ကောင်းမှုန့်တို့ရဲ့ အတွဲအစပ် ထိမိနေမှုကြောင့် မိုးရွာရွာ နေပူပူ အချိန်အခါ ရာသီမရွေး စားသုံးလို့ကောင်းတဲ့ အမဲအူဆိုင်လေးပဲ ဖြစ်ပါတယ်။ 



"ဦးတို့ဆိုင်က သုတ်ရင် ဂေါ်ဖီတို့၊ ပဲမှုန့်တို့မသုံးဘူး။ ရခိုင်ငရုတ်သီးထောင်းကတော့ အသက်လို့ပြောရမှာပေါ့။ ဒါမျိုးတခြားဆိုင်တွေသုံးတာ သိပ်မတွေ့ရဘူး။ ဦးကတော့တစ်နေ့ကို ငရုတ်သီးကတင် (၂) ပိသာလောက်ထောင်းရတယ်။ နေမကောင်းတဲ့သူစားရင်တောင် အခိုးတွေပွင့်ပြီး ကျန်းမာသွားလိမ့်မယ်။ ပြီးတော့ အမဲအူကုန်ကြမ်းတွေဆိုရင်လည်း သေချာလေးရွေးဝယ်တယ်။ ဝယ်နေကြ ဖောက်သည်ဆီကပဲဝယ်တာ။ သေချာလေး လုပ်ရတယ်။ စိတ်လည်းရှည်ရတယ်။" ဆိုပြီး ပြောပြပါတယ်။ 


နှစ်ဆိုင်ပေါင်း တစ်ရက်ကို ၆ သိန်းဖိုးရောင်းရ

 

အခုတော့ ဆိုင်နှစ်ဆိုင် ဖြစ်သွားတာကြောင့် တစ်ရက်ကို ၆ သိန်းဖိုးလောက်ရောင်းရပါတယ်။ ဆိုင်ခန်းလေးနဲ့ ဖြစ်လာချိန်မှာလည်း တစ်ရက်တစ်ရက် လက်မလည်အောင်ရောင်းအားကောင်းနေဆဲပါ။ 

“ အမဲကလီစာနဲ့ပတ်သက်ရင် အစုံရတယ်။ သန့်ရှင်းရေးပိုင်း၊ အရသာပိုင်း၊ အမဲအူစုံတာကြောင့် စားသုံးသူတွေက အခုထိမြဲနေဆဲပါ။ ဆိုင်ခန်းလေးနဲ့ ဖြစ်သွားတာမို့ မသိသေးတဲ့သူတွေ‌ရော သိပြီးသားဖောက်သည်တွေ ရော လာစားကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။



မင်းလေးအမဲအူတုတ်ထိုးဆိုင်ရဲ့တည်နေရာနဲ့ဆိုင်ဖွင့်ချိန် 


မင်းလမ်း အမဲအူတုတ်ထိုးဆိုင်လေးရဲ့ မူလလက်ဟောင်းဆိုင်လေးကတော့ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်ရှိ အနောက်မင်းလမ်း ဝင်ဝင်ချင်း ညာဖက်အခြမ်းမှာ တည်ရှိပါတယ်။ လက်ရှိဆိုင်သစ်ကတော့ တာမွေမြို့နယ် ဦးချစ်မောင်လမ်းမပေါ် မြလမ်းမှတ်တိုင်အနီးမှာဖွင့်လှစ်ထားတာပါ။ ဆိုင်ဖွင့်ချိန်ကတော့နေ့လည် (၁၁) နာရီကနေ (၂)နာရီအထိ ဖြစ်ပြီး နေ့လည် (၁၁) နာရီမထိုးခင်ကတည်းက စားသုံးသူတွေတန်းစီနေတတ်တဲ့ဆိုင်ဖြစ်တာကြောင့် အမယ်စုံစုံလင်လင်စားချင်ရင်တော့ (၁၁) နာရီကနေ (၁၂) နာရီအတွင်းလာရောက်စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။

Share

Loading Next Article...
က္က