သုဝဏ္ဏကမာကြည် မီးပွိုင့်အနီး ကမာကြည်လမ်းမပေါ် လမ်းရဲ့ နံဘေးမှာ ရောင်းချနေတဲ့ ဝက်ခြေထောက်စွတ်ပြုတ် ၊ ဝက်ခေါင်းသုပ်ဆိုင်လေးကတော့ သုဝဏ္ဏနဲ့သင်္ဃန်းကျွန်းမြို့နယ်အတွင်းက စားသုံးသူတွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဆိုင်လေးပါ။
၁၉၉၃ ခုနှစ်ကစတင်ခဲ့ပြီး နှစ် (၃၀) နီးပါးရှိတဲ့ ဆိုင်လေး
ဒီဆိုင်လေးကို ၁၉၉၃ခုနှစ်ကနေ စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး အခုဆို နှစ် (၃၀) နီးပါးရှိနေပါပြီ။ ခင်ပွန်းဖြစ်သူရဲ့ မိဘတွေ လက်ထက်ကတည်းက ဝက်ခြေထောက်စွတ်ပြုတ်၊ ဝက်ခေါင်းသုပ် ရောင်းချခဲ့တာဖြစ်ပြီး အိမ်ထောင်ကျပြီးချိန်မှာ မိဘလက်ငုတ်လက်ရင်း ဖြစ်တဲ့ ဒီလုပ်ငန်းလေးကိုပဲ လင်မယားနှစ်ယောက် ဆက်လက် လုပ်ကိုင်ခဲ့တာလို့ ဆိုင်ရှင် မသိင်္ဂီ ကပြောပါတယ်။
Photo : Myat Su Mon
တစ်နေ့ကို (၃)သိန်းဖိုးအထိ ရောင်းကောင်းလာတဲ့အခြေအနေဖြစ်လာ
စရောင်းတဲ့အချိန်တုန်းကတော့ ထင်သလောက် မရောင်းခဲ့ရပါဘူး။ နောက်ပိုင်းမှာတော့ လက်ရာနဲ့ စေတနာတွေကို လူသိများလာတာကြောင့် စားသုံးသူတွေ တဖြည်းဖြည်းများလာခဲ့ပြီး ရောင်းအားကောင်းလာခဲ့ပါတယ်။
“စစချင်းရောင်းတုန်းက ရောင်းအားနည်းတာပေါ့နော်။ အမျိုးသားကတော့ တစ်နေ့ကို တစ်သောင်းခွဲဖိုးလောက် ရောင်းရရင်ကောင်းမယ် ဆိုပြီး အမြဲတမ်းပြောတယ်။ အဲဒါဆို နေ့တိုင်းအဆင်ပြေမယ်ပေါ့ဆိုပြီး ပြောတာပေါ့။ အဲဒီလိုရောင်းလာတာကနေ အခုဆို တစ်နေ့ကို ပုံမှန် (၃) သိန်းဖိုးလောက်ရောင်းရတဲ့ အထိ ဖြစ်လာတယ်။ ပွဲတော်ရက်တွေ ဘာတွေဆိုရင်တော့ (၃) သိန်းကျော်တာပေါ့”လို့ မသိင်္ဂီကပြောပါတယ်။
Photo : Myat Su Mon
ဆိုင်ဝင်ငွေလေးနဲ့ သားသမီးတွေကို ပညာတတ်အောင်ထားနိုင်တဲ့အပြင် အိမ်နဲ့ကားပါဝယ်နိုင်
ဒီလို ဈေးရောင်းရတဲ့ ဝင်ငွေလေးနဲ့ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ကလေးတွေပညာရေးအထိ ရပ်တည်လာတာကြောင့် စားသုံးသူတွေကို အမြဲမေတ္တာပို့တယ်လို့ လည်း မသိင်္ဂီကအခုလိုပြောပါတယ်။
“ဒီဆိုင်လေးကရတဲ့၀င်ငွေနဲ့ မိသားစုရပ်တည်နိုင်တယ်။ သားသမီး(၃) ယောက်ရှိတယ်။ သမီးအကြီးလေးက ဆရာဝန်ပါ။ သားလေးနှစ်ယောက်ကတော့ တက္ကသိုလ်ကျောင်းသားတွေ IRမေဂျာပါ။ ဈေးရောင်းရတဲ့ငွေလေးနဲ့ စုဆောင်းမိတာလေးနဲ့ သားသမီး တွေရှေ့ရေးအတွက် အိမ်လေး(၂)လုံးဝယ်ထားတယ်။ ကားလေးလည်း တစ်စီးဝယ်ထားတယ် ။ ဒါကြောင့်မို့ နှစ် (၃၀) အထိ အားပေးလာတဲ့ စားသုံးသူတွေကို ကျေးဇူးတင်တယ်။ အမြဲလည်းမေတ္တာပို့တယ်”လို့ မသိင်္ဂီက ပြောပါတယ်။
တစ်ခါစားဖူးရင်နောက်တစ်ခါထပ်လာစားကြတဲ့ ဆိုင်ရဲ့ဖောက်သည်တွေ
ဒီဆိုင်လေးမှာတော့ ဝက်ခြေထောက်စွတ်ပြုတ်၊ ဝက်ခေါင်းသုပ်၊ အသားနားရွက်လျှာသုပ်နဲ့ ကြာဇံကြော်သုပ်တို့ ရရှိနိုင်ပြီး စတင်ရောင်းချစဉ်ကတည်းက အရသာနဲ့အရည်အသွေးကို အမြဲတမ်းဂရုစိုက်တယ်လို့ဆိုပါတယ်။ဒါကြောင့်မို့ တစ်ခါစားဖူးရင် နောက်တစ်ခါ ထပ်လာစားကြပြီး သုဝဏ္ဏနဲ့သင်္ဃန်းကျွန်း မြို့နယ်အပြင် အခြားမြို့နယ် တွေကနေလည်း လာရောက်စားသုံးကြတယ်လို့ မသိင်္ဂီကပြောပါတယ်။
Photo : Myat Su Mon
စေတနာနဲ့ဝန်ဆောင်မှုကို အဓိကထား
စျေးရောင်းချရာမှာလည်း စားသုံးသူတွေ စိတ်ကျေနပ်မှုရစေဖို့ ဝယ်သူဘယ်လောက်များများ အပြုံးချိုချို၊စကားချိုချိုနဲ့ ရောင်းချပေးတယ်လို့လည်း ဆိုင်ရှင် မသိင်္ဂီကပြောပါတယ်။
“အရသာအပြင် စားသုံးသူတွေစိတ်ကျေနပ်အောင် အမြဲရောင်းပေးတယ်။ အခုဆို ကုန်စျေးနှုန်းတွေ တက်လာပြီး ဝက်သားစျေးတွေတတ်လာတော့ ဝက်သားနဲ့ပတ်သက်တာတွေ စျေးတက်သွားတယ်၊ ဒါပေမယ့့် ကြာဇံ ကြော်အလွတ်သုပ်ကို စျေးမတတ်ပဲဆက်ရောင်းပေးတယ်။ ကြာဇံကြော်တစ်ပွဲ ၆၀၀ရောင်းပေမယ့် ၅၀၀ ပဲရှိတယ်ဆိုလည်း ရောင်းပေးလိုက်တာပဲ။ တချို့အသက်ကြီးတဲ့လူတွေ ကြာဇံကို ဝက်သား လေးနဲ့စားချင်တယ် ပိုက်ဆံမတတ်နိုင်လို့ဆိုလည်း ထည့်ပေးလိုက်တာပါပဲ”လို့ မသိင်္ဂီကပြောပါတယ်။
Photo : Myat Su Mon
အစားအသောက်တွေရဲ့ ဈေးနှုန်းနဲ့ ဆိုင်တည်နေရာ
လွန်ခဲ့တဲ့နှစ် (၃၀) ဆိုင်လေးစတင်ဖွင့်လှစ်တုန်းက တစ်ပွဲကို ကျပ် ၅၀၊၆၀နဲ့ရောင်းချခဲ့ပေမယ့် ခေတ်အလိုက် ကုန်စျေးနှုန်းပေါ်မူ တည်ပြီး စျေးနှုန်းပြောင်းလဲရတာကြောင့် လက်ရှိအချိန်မှာတော့ ဝက်ခေါင်းသုပ်တစ်ပွဲ-၂,၅၀၀၊ ဝက်ခြေထောက် စွတ်ပြုတ်တစ်ပွဲ-၂,၅၀၀၊ ဝက်အသား၊နားရွက်၊လျှာ အစုံသုပ်တစ်ပွဲ-၃,၀၀၀၊ ကြာဇံကြော်သုပ်တစ်ပွဲ-၆၀၀ကျပ် နဲ့ရောင်းချပေးနေပါတယ်။
ဆိုင်နေရာလေးကတော့ သုဝဏ္ဏကမာကြည် မီးပွိုင့်အနီး ကမာကြည်လမ်းမပေါ် မှာဖြစ်ပြီး ညနေ(၄) နာရီခွဲကနေည(၈) နာရီအထိ ပိတ်ရက်မရှိဘဲ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးနေပါတယ်။