အင်္ဂလန်ကတော့ အုပ်စုအဖွင့်ပွဲမှာ အီရန်ကို ဂိုးပြတ်အနိုင်ယူပြီး တာထွက်လှခဲ့ပါပြီ။ ခြေစွမ်းကောင်းကောင်း၊ မကောင်းကောင်း တကမ္ဘာလုံးက စောင့်ကြည့်နေရတဲ့ အသင်းတသင်းအနေနဲ့ ရှိနေတဲ့ အင်္ဂလန်က အီရန်ကို သက်တောင့်သက်သာကစားပြီး ဂိုးပြတ်အနိုင်ယူကာ အုပ်စုဗိုလ်ဖြစ်ဖို့အတွက် တာစူလိုက်ပြီလို့ ပြောလို့ရပါတယ်။
ကလပ်အသင်းတွေမှာ စြေခွမ်းပြနေတဲ့ အာဆင်နယ်က ဆာကာ၊ ဒေါ့မွန်က ဘီလင်ဟမ်တို့က အင်္ဂလန်အတွက် ဂိုးတွေသွင်းပေးနိုင်ခဲ့ပြီး စတာလင်လည်း ဂိုးပေါက်တွေ့ခဲ့ပါတယ်။ လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်ကလည်း ပထမဆုံးဘောလုံးထိချက်ကနေ ဂိုးရအောင်ယူနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ၂ကြိမ်ဖန်တီးခြေစွမ်းပြခဲ့လို့ အင်္ဂလန်တိုက်စစ်ကစားသမားတွေ ခြေမြူးခဲ့တယ်လို့ ဆိုရပါမယ်။
မက်ဂွိုင်းယားကလည်း ဒီနေ့မှာ ခြေစွမ်းပြကစားခဲ့ပြီး ဂိုးရလုနီးပါးဖြစ်ခဲ့သလို ဆာကာအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှသာ အင်္ဂလန်ရဲ့ ခြေစွမ်းအမှန်ကို တွေ့ရမှာဖြစ်ပြီး သူတို့က အုပ်စုအဆင့်မှာ နဂိုကတည်းက အခက်အခဲမရှိလောက်ဘူးလို့ အားလုံးက ယူဆထားပြီးသားပါ။ အားလုံးထင်မှတ်ထားသလိုပဲ အဖွင့်ပွဲမှာတင် သူတို့က လုပ်ပြနိုင်ခဲ့ပါတယ်။
အင်္ဂလန်ပရိသတ်တွေ ကျေနပ်စရာရလဒ်ကောင်းတခုဖြစ်ခဲ့ပြီး ယုံကြည်မှုမြင့်မြင့်မားမားရသွားမှာ သေချာပါတယ်။ ဆာကာကိုတော့ တကယ်ချီးကျူးချင်ပါတယ်။ သူ့အတွက် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ခဲ့သလို ၂ ဂိုးအထိရခဲ့ပါတယ်။ အာဆင်နယ်အတွက်တော့ တကယ့်ရွှေပါပဲ။ ဘီလင်ဟမ်ကလည်း ဒေါ့မွန်အတွက် ငွေပုံကြီးယူလာပေးမယ့်သူဆိုတာကို ထပ်ပြီးတော့ ပြသခဲ့ပါတယ်။