အာဆင်နယ် ကစားသမားဟောင်းလည်းဖြစ်၊ လက်ရှိ ရုပ်သံဝေဖန်သုံးသပ်သူလည်းဖြစ်တဲ့ ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဆာကာနဲ့စမစ်ရိုးတို့ နှစ်ယောက်လုံးကို စာချုပ်သစ်မချုပ်ဆိုနိုင်ရင် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ်သင့်တယ်လို့ အကြံပေးပြောကြားလိုက်ပါတယ်။
ဒီကစားသမားနှစ်ယောက်က အချိန်တိုအတွင်း အာဆင်နယ်အသင်းကြီးရဲ့ အဓိက,ကစားသမားတွေအဖြစ် ခြေစွမ်းပြနေကြပြီး အသင်းအနာဂတ်အဖြစ် မျှော်လင့်ချက်ထားခံနေရပါတယ်။ ဒါပေမယ့်လည်း နှစ်ယောက်လုံးအနေအထားကို ပြိုင်ဘက်တွေက စောင့်ကြည့်နေပြီး အခွင့်အရေးရရင် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
အထူးသဖြင့် အာဆင်နယ်သာ အခုလိုမျိုး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နေဦးမယ်ဆိုရင် ဆာကာအနေနဲ့ အသင်းက ထွက်ခွာဖွယ်ရှိပါတယ်။ အသက် (၂၀) အရွယ် ဆာကာက အသင်းနဲ့ (၂၀၂၄) နွေရာသီ၊ စမစ်ရိုးက (၂၀၂၆) နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ ဒါပေမယ့် ဒီကျန်ရှိနေတဲ့ စာချုပ်သက်တမ်းတွေက လုံလောက်မှုမရှိဘူးလို့ ပေါလ်မာဆင်က ယုံကြည်နေပါတယ်။
ပေါလ်မာဆင်က “စမစ်ရိုးနဲ့ဆာကာက ထိပ်တန်းကစားသမားတွေဖြစ်ပြီး ဒီရာသီမှာ အာဆင်နယ်သာ ထိပ်သီးလေးသင်းဝင်ခဲ့ရင် မရှိမဖြစ် ကစားသမားတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်အနေနဲ့ သူတို့ကို အခုတည်းက ချည်နှောင်ထားနိုင်ဖို့ (စာချုပ်သစ်ချုပ်ဆိုဖို့) လိုအပ်ပါတယ်။ အခုတည်းက (၅) နှစ် သက်တမ်းရှိ စာချုပ်သစ်တရပ် ထပ်ချုပ်ဖို့ပေါ့”
“သူတို့ကို မရ,ရအောင် စာချုပ်သစ်ချုပ်ပါ။ တကယ်လို့ မရဘူးဆိုရင်တော့ လာမယ့်နွေရာသီမှာတင် ရောင်းထုတ်လိုက်ပါတော့။ သူတို့ကို အသင်းမှာဆက်ထား၊ စာချုပ်သစ်လည်းမချုပ်နိုင်ဘဲ အလွတ်ပေးထွက်လိုက်တာမျိုးတော့ မဖြစ်ပါစေနဲ့။ သူတို့ကို လိုက်နေတဲ့အသင်းတွေ ရှိနေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။