ဘောလုံးပရိသတ်တွေဟာ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲကစားနေတာကို ကြားဝင်နှောင့်ယှက်တာမျိုးမရှိပေမယ့်လည်း ဆာကာကို လူကျွံအလံထောင်ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ကြပါတယ်။
ဆာကာဟာ ဂန်းနားတွေအတွက် သောကြာနေ့ည အစ်တီဟတ်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် နေသန် အာကီက ဒုတိယပိုင်းမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းက ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲစဉ်အတွင်းမှာ နေသန် အာကီရဲ့ အပိုင်လူကပ်ကစားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆာကာနဲ့ အာဆင်နယ်ပရိသတ်တွေဟာ ပထမပိုင်းမှာ စည်းကြပ်ဒိုင်က ဂန်းနားတွေရဲ့ တိုက်စစ်ဆင်ချိန်အတွင်း အလံကို ထောင်ခဲ့တဲ့အချိန်မှာ မပျော်မရွှင် ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆာကာဟာ ဖေဘီယို ဗီယာရာက နကီးတီးယားဆီကို ဘောလုံးပေးပို့ခဲ့ချိန်မှာ မန်ချက်စတာစီးတီးနောက်ဆုံးနောက်ခံလူ ဂျွန် စတုန်းစ်ကို ကျော်နေခဲ့တာဖြစ်ပြီး နေသန် အာကီက ဘောလုံးကို ကြားဝင်ဖျက်ထုတ်ခဲ့ပေမယ့်လည်း ဘောလုံးက ကွင်းလယ်က ဂရာနစ် ချာကာဆီကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စည်းကြပ်ဒိုင်ဟာ ပွဲကစားနေတာကို ကြားဝင်ခဲ့ခြင်းမရှိတဲ့ ဆာကာကို လူကျွံနေတယ်ဆိုပြီး အလံထောင်ပြတာဖြစ်ပြီး အာဆင်နယ်တောင်ပံစားသမားဟာ လက်နှစ်ဖက်ကို လေထဲမှာ မြှောက်ပြီး ဘောလုံးကို လိုက်ဖို့ ကြိုးပမ်းနေခဲ့ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့တာဖြစ်ပါတယ်။
ဘောလုံးကလည်း နကီးတီးယားဆီကို တန်းတန်းမတ်မတ် ရောက်ရှိသွားမယ့်ပုံပေါ်ခဲ့တာဖြစ်ပြီး ဆာကာဟာ ဒိုင်လူကြီးတွေကို ဘောလုံး ရယူဖို့ ကြိုးပမ်းခဲ့တာမျိုးမရှိတဲ့အကြောင်း ပြန်လည်သရုပ်ပြပြီး ရှင်းပြဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ကာစီမီရိုက ဘောလုံးပေးပို့ခဲ့ချိန်အတွင်း ရက်ရှ်ဖို့ဒ်က လူကျွံအနေအထားဖြစ်နေတာကြောင့် စည်းကြပ်ဒိုင်က ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့ပေမယ့် VAR က ပြန်လည်သုံးသပ်ခဲ့ရာမှာ အင်္ဂလန်တိုက်စစ်မှူးက ဘောလုံးကို မထိတွေ့ခဲ့တာကြောင့် ပွဲကစားနေတာကို ကြားဝင်ခဲ့ခြင်းမရှိဘူးလို့ ဆုံးဖြတ်ပြီး ဂိုးကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ဟာ ဘရူနို ဖာနန်ဒက်စ် ဘောလုံးကို ဝင်ကန်တဲ့အချိန်အထိ ဘောလုံးနောက်ကို ပြေးလိုက်နေခဲ့တာဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရက်ရှ်ဖို့ဒ်ဟာ နောက်တန်းနဲ့ ဂိုးသမားကို အာရုံထွေပြားအောင် လုပ်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာရဲ့ဖြစ်စဉ်မှာတော့ ဘောလုံးလမ်းကြောင်းက ဆန့်ကျင်ဘက်ဖြစ်နေပြီး ဘောလုံးနောက်ကို လိုက်ဖို့ ကြိုးပမ်းခဲ့ခြင်းမရှိချိန်မှာတောင် လူကျွံဘောသတ်မှတ်ခဲ့တာကြောင့် ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လူကျွံသွင်းဂိုးကို ထောက်ပြဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
"စည်းကြပ်ဒိုင်က ဘာအတွက် ဆာကာကို လူကျွံအလံထောင်တာလဲ။ ဘောလုံးကို လိုက်မနေခဲ့ဘူး။ ဘောလုံးကို မရယူခဲ့ဘူး။ တန်ပြန်တိုက်စစ်ကို ရပ်တန့်ခဲ့တာပဲ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း "ဆာကာက ကစားနေတာကို ကြားဝင်နှောင့်ယှက်ဖို့ ဒါမှမဟုတ် ဘောလုံးကို ရယူဖို့ ကြိုးပမ်းခဲ့တာမရှိတာတောင် လူကျွံအလံထောင်တာ ခံခဲ့ရတယ်။ မားကပ်စ် ရက်ရှ်ဖိုဒ်က မန်ချက်စတာဒါဘီမှာ ဘရူနိုရဲ့ ဂိုးအတွက် အလံထောင်တာ မခံခဲ့ရဘူး။ ယုတ္တိရှိအောင်လည်း လုပ်ကြပါဦး"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ထောက်ခံခဲ့ပါတယ်။