ဧပြီအတွက် ပရီးမီးယားလိဂ်တလတာအကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒိုဆွတ်ခူးခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဧပြီအတွက် ပရီးမီးယားလိဂ် တလတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ဧပြီအတွင်း ယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲအနက် သုံးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။



ရော်နယ်ဒိုအနေနဲ့ လက်စတာ၊ လီဗာပူးတို့နဲ့ပွဲတွေကို လွဲချော်ခဲ့ပေမယ့် အဲဗာတန်၊ နော့ဝစ်ချ်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နော့ဝစ်ချ်နဲ့ပွဲမှာ ဟက်ထရစ်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ပွဲတွေမှာ တဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ အာဆင်နယ်နဲ့ပွဲမှာ အသင်းရရှိခဲ့တဲ့ ပင်နယ်တီအခွင့်အရေးတကြိမ်ကို ဘရူနိုဖာနန်ဒက်စ်ကိုပေးကန်ခဲ့တာကြောင့်သာ နောက်ထပ်ဂိုးမရခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ဧပြီလအတွင်း ကစားခဲ့တဲ့ (၄) ပွဲမှာ (၅) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အခုလိုပဲ ဧပြီအတွက် ပရီးမီးယားလိဂ်ရဲ့တလတာ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာတင် ရော်နယ်ဒိုက ဒီဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်တလတာအကောင်းဆုံး ကစားသမားဆုကို ကစားသမားဘဝတလျှောက် (၆) ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ရွန်းနီကို ကျော်ဖြတ်ကာ သမိုင်းတလျှောက်ယူနိုက်တက်ကစားသမားတွေထဲမှာ အများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တချက်လည်းရှိပါသေးတယ်။

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပါတယ်ဆိုတဲ့ ဒီဘရိုင်း၊ ဆာလာ၊ ဟာရီကိန်းတို့ သုံးယောက်ပေါင်းရရှိထားတဲ့ ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးကစားသမားဆုက ရော်နယ်ဒိုတယောက်တည်းရရှိထားတဲ့ ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးကစားသမားဆုအရေအတွက်နဲ့ တူညီနေတယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ကတော့ ဘယ်လိုပဲ ကျဆင်းမှုတွေနဲ့ ကြုံတွေ့နေပါစေ၊ ရော်နယ်ဒိုရဲ့ အရှိန်အဝါနဲ့ ခြေစွမ်းကတော့ အကောင်းဆုံးအနေအထားမှာရှိနေဆဲဆိုတာကို အကြိမ်ကြိမ် သက်သေပြနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က