ဘုန်းမောက်နဲ့ပွဲမှာ မိုဟာမက်ဆာလာ ပင်နယ်တီလွဲချော်ခဲ့ရတဲ့ အကြောင်းရင်းဟာ ဒီရာသီမှာ သူတို့အသင်း ပင်နယ်တီရရှိမှု နည်းပါးခဲ့တာကြောင့်လို့ လီဗာပူးလ်နည်းပြကြီး ကလော့ပ်က ထူးထူးဆန်းဆန်းအကြောင်းပြချက်ပေးသွားခဲ့ပါတယ်။ ဆာလာဟာ ပင်နယ်တီကန်သွင်းခဲ့ရာမှာတော့ အရှိန်များသွားခဲ့ပြီး ဂိုးပေါက်တောင်မတည့်ဘဲ လွဲချော်ခဲ့ကာ လီဗာပူးလ်တို့ ချေပဂိုးရမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
ဗန်ဒိုက်ရဲ့ အမှားကတဆင့် ဦးဆောင်ဂိုးကို ၂၈ မိနစ်မှာ ပေးခဲ့ရပြီးနောက် ကျန်ပွဲချိန်တခုလုံးမှာ လီဗာပူးလ်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်ခဲ့ပေမယ့် လီဗာပူးလ်ကတော့ ဂိုးပေါက်ပျောက်ခဲ့ကာ အသင်းမှာရှိသမျှ တိုက်စစ်ကစားသမားတွေအားလုံးကို ထည့်သွင်းခဲ့ပေမယ့်လည်း ဂိုးမရခဲ့လို့ ၁-၀နဲ့ အရေးနိမ့်ခဲ့ရပါတော့တယ်။
ဒီပင်နယ်တီဟာ လီဗာပူးလ်တို့ ဒီရာသီမှာ ပထမဆုံးရရှိခဲ့တဲ့ ပင်နယ်တီဖြစ်ပြီး နောက်ဆုံးရရှိထားခဲ့တာကတော့ ၂၀၂၂ ဧပြီလတုန်းက ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ကလော့ပ်က "နောက်ဆုံးရခဲ့တဲ့ ပင်နယ်တီက ဘယ်တုန်းကလဲဆိုတာတောင် မသိတော့ဘူး၊ တော်တော်လေးကြာခဲ့ပါပြီ၊ ဒါက သိသာပါတယ်၊ ကျနော်တို့ ဂိုးရခဲ့မယ်ဆိုရင် ဟန်ချက်ညီညီကစားနိုင်ပြီး စွမ်းဆောင်ရည်ပိုကောင်းမလာရင်တောင် ရလဒ်ပိုင်း ပြောင်းလဲနိုင်ပါတယ်"
"ဆာလာက ဂိုးတွေအများကြီးသွင်းထားခဲ့ပေမယ့် ပင်နယ်တီကိုတော့ လွဲချော်ခဲ့ပါတယ်၊ ဒါက ဘ၀ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ ဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်ဟာ အဆင့် ၄ နေရာက တော့တင်ဟမ်ကို အမီလိုက်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီး ၃ မှတ်ကွာ အနေအထားကနေ ၆ မှတ်အထိ ပြန်လည်ကွာဟသွားခဲံပြီဖြစ်ပါတယ်။