စပါး နောက်ခံလူ ဒိုင်ယာဟာ နော့ဝစ်ချ်နဲ့ ရာသီပိတ်နောက်ဆုံးပွဲစဥ်မှာ ဆွန်ဟောင်မင်ရဲ့ ဂိုးသွင်းဖို့ကြိုးစားမှုတွေကို လက်စွမ်းပြနေတဲ့ နော့ဝစ်ချ်ဂိုးသမား တင်မ်ကရူးလ်ကို စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။ ဒိုင်ယာရဲ့ ဒီလုပ်ရပ်ကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်။
ရာသီနောက်ဆုံးပွဲတွေ တချိန်တည်းကစားခဲ့ပြီး ဆွန်ဟောင်မင်က ဆာလာရဲ့ ဂိုးအရေအတွက်ကို လိုက်မှီဖို့ တဂိုးသာ လိုအပ်ခဲ့တာပါ။ ဒီပွဲမှာ စပါးက နော့ဝစ်ချ်ကို ဂိုးပြတ်ဦးဆောင်ထားပေမယ့် ဆွန်ဟောင်မင်ကတော့ ဂိုးမရသေးပါဘူး။ ဒါ့အပြင် ဆွန်ဟောင်မင်ရဲ့ ထိုးဖောက်မှုတွေကိုလည်း တင်မ်ကရူးလ်က လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း စပါးနောက်ခံလူ အဲရစ်ဒိုင်ယာက “ဆာလာက မင်းကို ဘာတွေပေးထားတာလဲ? ကိုယ့်လူ” လို့ မေးခွန်းထုတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခဲ့တာပါ။ ဒိုင်ယာရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်မှုက ထိရောက်မှုရှိခဲ့သလား မပြောတတ်ပါဘူး။
ဒီနောက်ပိုင်းမှာ ဆွန်ဟောင်မင်က နှစ်ဂိုးဆက်တိုက်ရရှိခဲ့ပြီး တဖက်ကပွဲမှာ ဆာလာကလည်း တဂိုးသွင်းခဲ့တာကြောင့် (၂၂) ဂိုးစီ ဂိုးအရေအတွက် တူညီကာ ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့ပါတယ်။ စပါးတသင်းလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာနေတဲ့နောက် ဆွန်ဟောင်မင်ကိုပါ ရွှေဖိနပ်ဆု ဆွတ်ခူးဖို့ ဆန္ဒရှိခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်အပြင် ဥရောပထိပ်သီးလိဂ် (၅) ခုမှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသော အာရှကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဆွန်ဟောင်မင်ကို တောင်ကိုရီးယားသမ္မတကိုယ်တိုင်က ဂုဏ်ပြုစကားပြောကြားခဲ့သလို မွေးရပ်မြေပြန်တဲ့လမ်းမှာလည်း လေဆိပ်ကိုရောက်ရှိလာတဲ့ ဆွန်ဟောင်မင်ကို ပရိသတ်တွေက သူရဲကောင်းသဖွယ် တခဲနက်ကြိုဆိုခဲ့ကြပါတယ်။