ခရစ္စဆပ်တန်က ဆာလာရဲ့တည်ငြိမ်တဲ့ခြေစွမ်းကြောင့် အခုလိုမျိုးချီးကျူးသွားခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်းကြီး ခရစ္စဆပ်တန်က လီဗာပူးတိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့မက်ဆီတို့ထက် ပိုကောင်းတဲ့အဆင့်တစ်ခုကို ရောက်နေပြီလို့ ချီးကျူးလိုက်ပါတယ်။



ဆာလာဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ လီဗာပူးအတွက် (၉) ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်ပွဲစဥ် (၇) ပွဲမှာ (၆) ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ မန်စီးတီးကို အိမ်ကွင်းမှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာလည်း ဆာလာက အန်ဖီးလ်ပရိသတ်ရှေ့မှောက်မှာ အထူးခြေစွမ်းပြခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

မာနေးရဲ့သွင်းဂိုးအတွက် ဖန်တီးမှုရော၊ သူ့ရဲ့သွင်းဂိုးအတွက်မှာပါ ဆာလာရဲ့ တစ်ကိုယ်တော်စွမ်းရည်က ကမ္ဘာ့ဘောလုံးပရိသတ်တွေအတွက် ပါးစပ်အဟောင်းသားဖြစ်ရလောက်အောင်ကို ထူးချွန်ပြောင်မြောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ခရစ္စဆပ်တန်က “အခု ဒီအချိန်မှာတော့ ဆာလာက ရော်နယ်ဒိုနဲ့မက်ဆီထက် ပိုကောင်းသွားပါပြီ” လို့ BBC ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ဆပ်တန်က “ဆာလာရဲ့ အချက်အလက်ကိန်းဂဏန်းတွေက နောက်ပိုင်းနှစ်တွေမှာ တော်တော်လေးကောင်းမွန်လာပြီး ဒီလိုအဆင့်အတန်းမျိုးမှာ အံ့အားသင့်စရာကောင်းတာတွေကို သူအချိန်ကြာကြာ လုပ်ပြခဲ့ပြီးပါပြီ”

“သူကဘယ်လောက်ထူးချွန်တဲ့ ကစားသမားလဲဆိုတာကို ဒါတွေကသက်သေပြနေပါတယ်။ ခြေစွမ်းပိုင်းတည်ငြိမ်မှုဆိုတာကို ခင်ဗျားတို့ လိုက်ရှာနေမှာပဲ။ အခု ဆာလာက ဒီလိုခြေစွမ်းမျိုးကို တစ်ရာသီပြီးတစ်ရာသီ ပြသခဲ့ပါတယ်။ အခြားသူတွေ ခြေစွမ်းကျနေချိန်တောင်မှာပေါ့”

“လီဗာပူးနဲ့ စာချုပ်သစ်မချုုပ်ရသေးချိန်မှာလည်း သူက အခုလိုပုံစံကို ထိန်းထားနိုင်ပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ ဆာလာဟာ လက်ရှိအချိန်မှာ လီဗာပူးနဲ့ စာချုပ်ချုပ်ဆိုဖို့ လိပ်ခဲတည်းလည်းအနေအထားကို ရောက်ရှိနေတာပါ။

ဆာလာနဲ့လီဗာပူးတို့အကြား စာချုပ်သက်တမ်းက (၂၀၂၃) မှာ ကုန်ဆုံးမှာဖြစ်ပြီး ဆာလာက တစ်ပတ်လုပ်ခ ပေါင် (၃၈၀,၀၀၀) အနည်းဆုံးတောင်းဆိုနေတာကြောင့် စာချုပ်သစ်ကိစ္စ ကြန့်ကြာနေရတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။  

Share

က္က