လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းရဲ့ တိုက်စစ်ကစားသမား ဆာလာကို ဒီည ဘရိုက်တန်နဲ့ပွဲမှာ အနားပေးမှာ မဟုတ်ဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးကို (၁) မှတ်အကွာနဲ့ လိုက်လံဖိအားပေးနေရတဲ့ အခြေအနေပါ။
လာမယ့်ကြားရက်မှာ လီဗာပူးက အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိပြီး အဲ့ဒီနောက် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းနဲ့ ပြန်လည်ရင်ဆိုင်ရပါလိမ့်မယ်။ ဒီပွဲတွေအတွက် ဆာလာကို အနားပေးဖို့ အစီအစဥ်ရှိလားဆိုတဲ့အပေါ်မှာတော့ ကလော့ပ်က အခုလိုမျိုးပဲ တုံ့ပြန်ခဲ့ပါတယ်။
ဘရိုက်တန်နဲ့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က “ခင်ဗျားတို့ မေးခွန်းရဲ့ ပထမအပိုင်းကို လုံးဝမေ့ပစ်လိုက်ပါ။ ဘရိုက်တန်နဲ့ပွဲမှာ ကစားသမားတွေကို အနားပေးဖို့လား? အဲ့ဒါက ရာဇဝတ်မှုမြောက်တဲ့ ကိစ္စပဲဗျ။ ဘရိုက်တန်က အရမ်းကောင်းလွန်းတဲ့ အသင်းတစ်သင်းလေ”
“သူတို့က သိပ်ကောင်းတဲ့ ရာသီအဖွင့်ကို ပိုင်ဆိုင်ခဲ့ကြတာ၊ ရလဒ်ပိုင်းကတော့ သိပ်မကောင်းဘူးပေါ့။ ဒါပေမယ့် ဒီပရီးမီးယားလိဂ်မှာ သူတို့က တကယ့်ကို စပါယ်ရှယ် အသင်းတစ်သင်းပါ။ သူတို့ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲကို ခင်ဗျားပြန်ကြည့်လိုက်ရင် ကျွန်တော် ပြောနေတာတွေကို ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်”
“ဆာလာကလည်း လီဗာပူးရဲ့ပွဲစဥ်တိုင်းကို ဝင်ကစားချင်နေတာပါ။ အဲ့ဒီလိုချည်းပဲတော့ လုပ်လို့မရပါဘူး။ ဒါပေမယ့် သူကတော့ ကစားချင်နေတာပါပဲ။ ကစားသမားတွေက ပွဲစဥ်တိုင်းကို ကစားချင်ကြတယ်၊ ကျွန်တော် သူတို့ကို ချန်ခဲ့ပြီဆိုရင် အဲ့ဒီပွဲက သူတို့ နားချင်တဲ့ပွဲမဟုတ်ပါဘူး။ ဒါတွေကတော့ အမြဲတမ်း ဒီလိုဖြစ်နေကျပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ လီဗာပူးအတွက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး ပွဲစဥ် (၉) ပွဲကစားပြီးချိန်မှာ လိဂ်ဂိုး (၁၀) ဂိုးအထိ သွင်းယူပေးထားတာပါ။ ဒါ့အပြင် သူ့ရဲ့ ပြိုင်ပွဲစုံသွင်းဂိုးကလည်း (၁၅) ဂိုးအထိ ရှိနေပြီဖြစ်ပါတယ်။