မနေ့ညက ယူနိုက်တက်တို့ လီဗာပူးကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်လူငယ်ကစားသမားလေး ချာလီဆားဗေ့ချ် ပြသခဲ့တဲ့ အလှပြကွက်တခုကြောင့် အဖေဖြစ်သူ ရော်ဘီဆားဗေ့ချ်က ချီးကျူးဂုဏ်ယူနေခဲ့ပါတယ်။ ဒီပွဲမှာ ချာလီက ပထမပိုင်းမှာ ပွဲထွက်ခွင့်မရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
အသက် (၁၉) နှစ်အရွယ် အဆိုပါ လူငယ်လေးဟာ လက်ရှိနည်းပြ အဲရစ်တန်ဟက်ခ် လက်ထက် ယူနိုက်တက်အသင်းကြီးမှာ အခွင့်အရေးရရှိမယ့် ကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ မနေ့ကပွဲမှာလည်း မာလာစီယာနဲ့ အာနိုးလ်တို့ ဘောလုံးယှဥ်လုရင်း ပျက်လာတဲ့ ဘောလုံးကို ချာလီက ရဲရဲဝံ့ဝံ့နဲ့ပဲ မာရာဒိုနာလှည့်ကွက်အသုံးပြုပြီး ဆာလာကို လှည့်စားသွားခဲ့တာပါ။
ဒီလိုမျိုး ချာလီ လှည့်စားခဲ့တဲ့နေရာက ယူနိုက်တက်ဂိုးဧရိယာထိပ်နားမှာဖြစ်ပြီး ဘောလုံးပျက်သွားခဲ့မယ်ဆိုရင် ဂိုးပေးလိုက်ရတဲ့အထိ အန္တရာယ်များသွားနိုင်ပါတယ်။ ဒါပေမယ့် ချာလီကတော သတ္တိရှိရှိနဲ့ပဲ ဆာလာကို လှည့်စားပြီး ဂိုးသမားဆီ ဘောလုံးပြန်ချပေးခဲ့ပါတယ်။ ချာလီရဲ့ ဒီလုပ်ရပ်အပေါ် အဖေဖြစ်သူ ဆားဗေ့ချ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကစားသမားဟောင်းကြီးလည်းဖြစ်တဲ့ ရော်ဘီဆားဗေ့ချ်က သူ့ရဲ့တွစ်တာကတဆင့် “အရမ်းအရမ်းကို ဂုဏ်ယူပါတယ် ချာလီရေ။ မင်းက ကိုယ့်ဂိုးဧရိယာထိပ်မှာ မာရာဒိုနာလှည့်ကွက်ကို သုံးရလောက်အောင် အရမ်းကိုတော်ခဲ့တာပါ။ မင်းဒါကို ဘယ်သူ့ဆီက သင်လိုက်တာလဲ။ နောက်ဆုံးတော့ ဆားဗေ့ချ်လည်း ဒါမျိုးကစားနိုင်ပြီ” လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ချာလီ ခြေစွမ်းပြနေတဲ့ ဗီဒီယိုနဲ့အတူ “ဒါကိုကြည့်ရတာ အရမ်းကြိုက်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား ဆာလာကို ကိုယ့်ဂိုးဧရိယာထိပ်မှာ ယုံကြည်ချက်အပြည့်၊ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ပြသွားခဲ့တာပါ” လို့လည်း ရော်ဘီဆားဗေ့ချ်က ထပ်လောင်းရေးသားခဲ့ပါသေးတယ်။