လီဗာပူးကို နဗီးလ်က လှောင်ပြောင်ခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဆာလာတယောက် လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့အပေါ် အားလုံးကိုလှည့်စားလိုက်ပြီလို့ လှောင်ပြောင်ပြောကြားလိုက်ပါတယ်။ ဆာလာဟာ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲနဲ့ လီဗာပူးမှာ (၂၀၂၅) အထိ ဆက်ရှိနေမယ့် စာချုပ်သစ်တရပ်ကို ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။



ဆာလာဟာ ဒီမတိုင်ခင်က လီဗာပူးမှာ တပတ်လုပ်ခ ပေါင် (၄) သိန်းအထိ တောင်းဆိုနေပြီး ရုတ်တရက်ကြီးပဲ လီဗာပူးနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိခဲ့တာပါ။ ဒီအပေါ်မှာတော့ ယူနိုက်တက်ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်က ဆာလာအနေနဲ့ အားလုံးကို လှည့်စားသွားပြီလို့ လီဗာပူးကိုပါ လှောင်ပြောင်လိုက်တာဖြစ်ပါတယ်။

“ဆာလာကတော့ လီဗာပူးကို ပလေးသွားပါပြီ။ ဟုတ်တယ်မဟုတ်လား? သူ့ရဲ့ လက်ကျန်ကစားသမားဘဝ သက်တမ်းမှာ လီဗာပူးမှာပဲ ဆက်နေမယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒါက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်တခုသပ်သပ်ပါ။ မှားကောင်းမှားနိုင်ပါတယ်။ သူသာ ထွက်သွားရင် ပရီးမီးယားလိဂ်က အားနည်းသွားမှာပဲလေ”

“ရော်နယ်ဒို၊ ဒေးဗစ်ဘက်ခမ်း၊ အမ်ဘာပေတို့ကို ခင်ဗျားတို့ကြည့်လိုက်လေ။ သူတို့က ပိုက်ဆံအတွက်ချည်းပဲ ဆက်နေတာ ဟုတ်လို့လား။ သူတို့ရဲ့ဘဝအတွက် စီမံကိန်းဆိုတာရှိပါတယ်။ သူတို့အနေနဲ့ အချို့အသင်းတွေမှာ ကစားဖို့ လိုအပ်ပြီး ဒီအတွက် အတွေ့အကြုံအချို့လည်း ရယူဖို့ လိုအပ်ပါတယ်။ ဆာလာက ရီးရဲလ်မက်ဒရစ်ကိုပြောင်းဖို့ အတွေ့အကြုံတွေယူတော့မှာပါ”

“ရီးရဲလ်မက်ဒရစ်ကလည်း ဆာလာကို ခေါ်ယူဖို့အတွက် သေချာပေါက် ပြန်လည်ကြိုးစားလာမှာပါ။ လက်ရှိအချိန်မှာ ဆာလာအတွက်ရော၊ မက်ဒရစ်နဲ့ဘာစီလိုနာအတွက်ပါ အချိန်အခါကောင်းမဟုတ်ပါဘူး။ ဒီအသင်းတွေမှာ ကစားသွားဖို့အတွက်တော့ ဆာလာအနေနဲ့ လိုအပ်ပါတယ်။ သူက လီဗာပူးမှာ မယုံနိုင်စရာကောင်းတာတွေကို စွမ်းဆောင်ပြခဲ့ပြီးသားပါ”

“ကျနော့်စိတ်ထဲမှာ ဆာလာက ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့မှာ ကစားဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး ဒီအသင်းတွေကို ဆာလာ သေချာပေါက်သွားမှာ သေချာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆာလာဟာ လက်ရှိစာချုပ်အရ လီဗာပူးရဲ့ သမိုင်းတလျှောက် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က