မာနေးအေးဂျင့်နဲ့ ဘိုင်ယန်တို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေထွက်လာပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဆာဒီယိုမာနေးဟာ လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဂျာမနီသတင်းတွေရဲ့ ဖော်ပြချက်အရ ဘိုင်ယန်အားကစားဒါရိုက်တာဆာလီဟာမစ်ဇစ်က မာနေးရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံခဲ့တယ်လို့သိရပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြောင်း ဆိုပါတယ်။ 

၂၀၁၆ မှာ လီဗာပူးလ်ကို ရောက်လာခဲ့ပြီး ကလော့ပ်လက်အောက်မှာ အဓိကနေရာကနေ ပါဝင်ကစားခဲ့တဲ့ မာနေးရဲ့ ဒီသတင်းက အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ပရိသတ်တွေကတော့ မာနေးထွက်ခွာမယ့်အပေါ်မှာ နားမလည်နိုင်အောင်ဖြစ်နေကြပြီး တကယ်သာ ဖြစ်လာခဲ့မယ်ဆိုရင် ငိုကြွေးမိလိမ့်မယ်လို့ ပြောဆိုတဲ့အထိကို ဖြစ်နေကြတာပါ။ 


ပရိသတ်တချို့ကတော့ မာနေးထွက်ခွာချင်တာဟာ ဆာလာကို စာချုပ်သစ်ချုပ်ဖို့ အားထုတ်နေတဲ့ အသင်းတာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကြောင့်လို့ စွပ်စွဲနေကြပါတယ်။ ဆာလာကို ပစားပေးလွန်းအားကြီးပြီး သူ့အပေါ်မှာတော့ အဲဒီလောက်ထိ အသင်းဘက်က အာရုံမရှိဘူးလို့ မာနေးက နှိုင်းယှဉ်ခံစားနေရတာကြောင့် အခုလိုမျိုးတွေဖြစ်လာတာလို့ ပရိသတ်တဦးက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

သူတို့နှစ်ဦးဟာ လီဗာပူးလ်ရဲ့ အဓိကကစားသမားတွေဖြစ်ပြီး ပုံမှန်ကစားခွင့်ရနေသူတွေလည်းဖြစ်ပါတယ်။ လာမယ့်ရာသီစပြီဆိုရင် နှစ်ဦးစလုံးရဲ့စာချုပ်သက်တမ်းက နောက်ဆုံး ၁၂ လစီသာကျန်ရှိတော့မှာဖြစ်ပေမယ့် လီဗာပူးလ်ကတော့ ဆာလာရဲ့စာချုပ်သစ်ကိုသာ အားထုတ်နေတာဖြစ်ပြီး စာချုပ်သစ်ကိစ္စတွေအတွက် အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်ဖို့လည်း ပရိသတ်တွေကတိုက်တွန်းခဲ့ပါတယ်။ 

"သူတို့ထဲက တယောက်ယောက်ထွက်သွားမယ့်အကြောင်းနဲ့ပတ်သက်ပြီး ကျနော်ကတော့ အသင့်မဖြစ်သေးဘူး" လို့ ပရိသတ်တဦးက ရေးသားခဲ့ပါတယ်။ နောက်တဦးကလည်း "ဆာလာအတွက်ပဲလုပ်နေတာတ​ွေက မာနေးကို အနှောင့်အယှက်ဖြစ်စေပုံပဲ" လို့ ရေးသားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က