ချဲလ်ဆီးဟာ နာပိုလီနောက်ခံလူ ကူလီဘလီကို (၄) နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဒီကနေ့မှာပဲ တရားဝင်ကြေညာခဲ့ပါတယ်။ အဆိုပါ ဆီနီဂေါနောက်ခံလူအတွက် ချဲလ်ဆီးတို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) အသုံးပြုခဲ့ရပြီး ပိုင်ရှင်သစ် တော့ဒ်ဘိုလေလက်ထက် ပထမဆုံးခေါ်ယူတဲ့ ဗဟိုနောက်ခံလူတယောက်ဖြစ်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဒီကစားသမားအပြင် မန်စီးတီးနောက်ခံလူ နာသန်အကီ၊ ပီအက်စ်ဂျီနောက်ခံလူ ကင်ပမ်ဘီတို့ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ဒီအထဲကမှ အကီကိုခေါ်ယူဖို့ မဖြစ်နိုင်တော့ဘဲ ကင်ပမ်ဘီအတွက်သာ ဆက်လက်ကြိုးစားရတော့မှာလည်းဖြစ်ပါတယ်။ အသက် (၃၁) နှစ်အရွယ် ကူလီဘလီကတော့ နည်းပြ တူဟယ်လ်စိတ်ကြိုက် ကစားသမားတယောက်လည်းဖြစ်ပါတယ်။
ဒါပေမယ့် သူ ချဲလ်ဆီးကို ရောက်ဖို့ နီးစပ်နေပြီဆိုတဲ့အချိန်တည်းက အွန်လိုင်းပေါ်မှာ ကူလီဘလီရဲ့ ဗီဒီယိုတခုက ရေပန်းစားနေခဲ့ပါတယ်။ ဒါကတော့ ကူလီဘလီတယောက် နာပိုလီကစားသမားဘဝနဲ့ လီဗာပူးကို ရင်ဆိုင်ခဲ့တုန်းက ဆာလာကြောင့် အကြီးအကျယ် အခက်တွေ့ခဲ့ရတဲ့ ဗီဒီယိုတွေပဲဖြစ်ပါတယ်။ အီဂျစ်သား ဆာလာနဲ့ ဆီနီဂေါလက်ရွေးစင် ကူလီဘလီတို့ဟာ အာဖရိကတိုက်သားတွေဖြစ်တာကြောင့် နိုင်ငံလက်ရွေးစင်မှာလည်း မကြာခဏ ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။
ဒါ့အပြင် ဆာလာ ရိုးမားမှာရှိတည်းက ကူလီဘလီရဲ့နာပိုလီကို ဆာလာက ဒုက္ခပေးခဲ့ဖူးပြီး ဆာလာ လီဗာပူးကို ရောက်ရှိလာချိန်မှာလည်း ကူလီဘလီနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပါတယ်။ “ပရီးမီးယားလိဂ်က ကြိုဆိုပါတယ်” လို့ ရေးသားထားတဲ့ အဆိုပါ ဗီဒီယိုမှာ ကူလီဘလီတယောက် ဆာလာကြောင့် အကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ရတာတွေကို အဓိကမီးမောင်းထိုးပြထားခဲ့ပါတယ်။
အခုလည်း ကူလီဘလီက ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီဖြစ်တာကြောင့် ဆာလာနဲ့ ပုံမှန်လိုလို ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာပါ။ ဒီလိုအချိန်မျိုးမှာလည်း ကူလီဘလီတယောက် ဆာလာကို အကောင်းဆုံး ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။