အိမ်ရှင်ကင်မရွန်းကို အီဂျစ်တို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အိမ်ရှင်ကင်မရွန်းနဲ့ အီဂျစ်တို့ရဲ့ အာဖရိကဖလားဆီမီးဖိုင်နယ်ကတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အီဂျစ်တို့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပုံမှန်ပွဲကစားချိန်အတွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီးတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့အထိဖြစ်သွားခဲ့ကာ အီဂျစ်က ၃ ကြိမ်သာ ကန်သွင်းခဲ့ရပြီး အနိုင်ရရှိခဲ့ကာ အိမ်ရှင်ကို ဆီမီးမှာတင် ဖြုတ်ချပစ်နိုင်ခဲ့ပါတယ်။ 

အီဂျစ်အတွက်တော့ ရှုံးထွက်အဆင့်တွေမှာ ၃ ပွဲဆက်တိုက်အချိန်ပိုကစားခဲ့ရတာဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်ကို ၂ ကြိမ်မြောက်ရင်ဆိုင်ခဲ့ရတာပါ။ အိုင်ဗရီကို့စ်၊ မော်ရိုကိုတို့နဲ့ပွဲတွေမှာလည်း အချိန်ပိုအထိကစားခဲ့ရတာဖြစ်ပြီး သူတို့ရဲ့ ကံတရားကလည်း တော်တော်လေးကောင်းမွန်နေခဲ့ကာ အချိန်ပို၊ ပင်နယ်တီတွေမှာဆိုရင် အမြဲအနိုင်ရနေခဲ့ပါတယ်။ 

ကင်မရွန်းအတွက် ပင်နယ်တီကန်သွင်းရာမှာ အသင်းခေါင်းဆောင်အဘူဘာကာတဦးတည်းဝင်ခဲ့ပြီး ကျန် ၃ ဦးအထိ လွဲချော်ခဲ့ကာ အီဂျစ်ကတော့ ၃ ကြိမ်စလုံးဝင်ခဲ့ပါတယ်။ အီဂျစ်ဂိုးသမားက လက်စွမ်းပြခဲ့ပြီး ပင်နယ်တီ ၂ ကြိမ်အထိ ကာကွယ်ပေးနိုင်ခဲ့ကာ အရန်ဂိုးသမားအဖြစ်ကနေ လက်စွမ်းပြနေတာကလည်း အီဂျစ်အတွက် ထူးခြားတဲ့ ကံတရားရဲ့ဖေးမမှုလို့ပြောရပါလိမ့်မယ်။

ဗိုလ်လုပွဲမှာတော့ ဆီနီဂေါနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး မာနေးနဲ့ ဆာလာတို့ ထိပ်တိုက်တွေ့ကြပြီဖြစ်ပါတယ်။ သူတို့နှစ်သင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပလေးအော့အဆင့်မှာလည်း ထိပ်တိုက်တွေ့နေကြတာဖြစ်ပြီး ဆုဖလားတလုံးအတွက် ၊ပြိုင်ပွဲကြီးတခုအတွက် လီဗာပူးလ်အသင်းဖော်နှစ်ဦးက သူနိုင်ကိုယ်နိုင်အပြိုင်အဆိုင်ကန်ရတော့မှာလည်းဖြစ်ပါတယ်။ 

Share

က္က