လီဗာပူးကတော့ နည်းပြ ကလော့ပ်ကိုင်တွယ်ပြီးနောက်ပိုင်း အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရာသီအဖွင့်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒီအသင်းက ရာသီအဖွင့် (၃) ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရရှိသေးဘဲ ရမှတ် (၂) မှတ်သာ ရရှိထားတာပါ။ လီဗာပူးအနေနဲ့ ရာသီအဖွင့်မှာ တန်းတက်ဖူလ်ဟမ်နဲ့ နှစ်ဂိုးစီသရေ၊ ဒုတိယပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာပဲ တဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ပွဲကြီးပွဲကောင်းမှာတော့ လီဗာပူးတို့ အိုးထရက်ဖို့ဒ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ကလော့ပ်လက်ထက်မှာ အဆိုးရွားဆုံးသော ရာသီအဖွင့်နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ လီဗာပူး ဒီလိုမျိုးအခြေအနေဆိုးနေတဲ့အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေကြပါတယ်။ လီဗာပူးပရိသတ်တွေကတော့ အသက်အရွယ်ထောက်လာတဲ့ ကစားသမားတွေ၊ ဒဏ်ရာရကစားသမားတွေများနေတဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ဆိုနေကြပြီး အချို့ကလည်း မာနေးကို ဆုံးရှုံးခဲ့ရတာက လီဗာပူးတိုက်စစ်ပိုင်းကို ထက်မြက်မှုပျောက်ဆုံးစေခဲ့တယ်လို့ ယုံကြည်နေပါတယ်။
မာနေးနေရာ အစားထိုးဖို့ခေါ်ထားတဲ့ ဒါဝင်နူးနက်ဇ်ကလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ စိတ်မထိန်းနိုင်တဲ့အပြုအမူကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ မာနေးဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာပဲ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လီဗာပူးတို့ ဒီဆီနီဂေါလက်ရွေးစင်ကို အလွယ်တကူ လက်လွှတ်ခဲ့တယ်လို့လည်း ဝေဖန်နေကြပါတယ်။
ဒါပေမယ့် လီဗာပူးဟာ နောက်ထပ် အမာခံကစားသမား ဆာလာကိုတော့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာနေးက ဆာလာထက် လီဗာပူးမှာ ပိုမိုထိရောက်မှုရှိတယ်ဆိုတဲ့အမြင်တွေလည်းရှိခဲ့ပါတယ်။ လီဗာပူးဂန္တဝင်ဟောင်း ကာရေဂါကလည်း “ဆာလာနဲ့မာနေးနှစ်ယောက်လုံးက ဂိုးအရေအတွက် အတူတူလောက်ပါပဲ။ ကျနော်ကတော့ မာနေးပရိသတ်ပါ။ လူတွေက ဆာလာနဲ့ဗန်ဒိုက်ချ်တို့ကိုခေါ်တဲ့အပေါ် မယုံနိုင်စရာ ခေါ်ယူမှုလို့ ပြောနေပါတယ်။ ဒါပေမယ့် မာနေးကတော့ လီဗာပူးအတွက် ကြီးမားတဲ့ခေါ်ယူမှုပါ”
“မာနေးကြောင့် ထိပ်ဆုံးလေးသင်းဝင်ခဲ့တယ်၊ ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ခဲ့ပါတယ်။ မာနေးက ဂိုးသွင်းနေရုံတင်မဟုတ်ဘူး၊ အသင်းရနေတဲ့ဂိုးတွေအတွက်ပါ အသုံးဝင်နေတာပါ” လို့ ပြီးခဲ့တဲ့ (၂၀၂၀) မှာ ပြောကြားခဲ့ပါတယ်။ ကာရေဂါရဲ့ပြောစကားတွေကတော့ လက်ရှိ လီဗာပူးရဲ့ အနေအထားကို လာရောက်ထင်ဟပ်နေပြီး လီဗာပူးအနေနဲ့လည်း ဘိုင်ယန်မြူးနစ်မှာ ခြေစွမ်းပြနေတဲ့ မာနေးကို လွမ်းဆွတ်နေရပြီဖြစ်ပါတယ်။