ဆာလာက လီဗာပူးလ်အတွက် ဖန်တီးမှု ၃ ကြိမ်အထိ လုပ်ပေးခဲ့တာပါ။

နိုင်ငံတကာပွဲတွေအပြီး ပြန်စခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ စနေနေ့အတွက် အစောဆုံးပွဲမှာတော့ ၀ုလ်ဗ်နဲ့ လီဗာပူးလ်တို့ ကစားခဲ့ရပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ ဗန်ဒိုက်မပါနိုင်တဲ့ လီဗာပူးလ်တို့ ခံစစ်ပိုင်းမှာ အနည်းငယ်အားနည်းခဲ့ပြီး အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ၀ုလ်ဗ်က ပထမပိုင်းမှာ ပိုကောင်းတဲ့ ပုံစံကို ပြသနိုင်ခဲ့ပြီး လီဗာပူးလ်ကို တော်တော်လေး ဖိအားပေးနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ဟွမ်ဟီချန်က ပွဲအစ ၇ မိနစ်မှာပဲ နက်တိုရဲ့ ဖန်တီးပေးမှုကနေ အပိုင်ပိတ်သွင်းပြီး ၀ုလ်ဗ်အတွက် ဦးဆောင်ဂိုးရယူသွားခဲ့ပါတယ်။ လီဗာပူးလ်တို့ ချေပဂိုးရဖို့ တိုက်စစ်ကို မြှင့်ကစားခဲ့ပေမယ့် ဆာလာ၊ ဂက်ခ်ပိုတို့ ဂိုးသွင်းမသေချာခဲ့လို့ နစ်နာခဲ့ရပါတယ်။ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့တာဖြစ်ပြီး ဂိုးရဖို့အတွက် လီဗာပူးလ်တို့ တော်တော်လေးကို အားထုတ်ခဲ့ရတာပါ။

ပထမပိုင်းမှာ ချေပဂိုးမရခဲ့ဘဲ ဒုတိယပိုင်းမှ လီဗာပူးလ်တို့ ရခဲ့ပါတယ်။ ဆက်တိုက်ဖိအားပေးနေပြီး ဆာလာရဲ့ ဖန်တီးပေးမှုကို ဂက်ခ်ပိုက အနီးကပ်အပိုင်ပိတ်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ လီဗာပူးလ်က ပိုကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ပိုရခဲ့ပါတယ်။ ၀ုလ်ဗ်ကတော့ ကစားအားအနည်းငယ်ကျသွားပြီး တိုက်စစ်ပိုင်းပါ အားနည်းသွားကာ ကြီးကြီးမားမားဖိအားပေးနိုင်တာမျိုး နည်းပါးလာခဲ့ပါတယ်။

ချေပဂိုးရပြီးတဲ့နောက် လီဗာပူးလ်တို့ အပိုင်အခွင့်အရေးရတာ နည်းပါးသွားခဲ့ပါတယ်။ ၀ုလ်ဗ်က ခံစစ်ကို ပိုမိုအားပြုခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ကစားခဲ့လို့ပါ။ ၀ုလ်ဗ်ခံစစ်က လီဗာပူးလ်ကို အခွင့်အရေးမပေးရအောင် စနစ်တကျကစားခဲ့ပြီး တော်တော်လေးကို ခုခံအားထုတ်ခဲ့တာပါ။ ဒါပေမယ့် ၈၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ဦးဆောင်ဂိုးပြန်ရခဲ့ပြီး ၀ုလ်ဗ်ဂိုးသမားရဲ့ အလျင်အမြန်ကန်တင်ပေးမှုကနေ ဘောလုံးပျက်သွားတာကို ရခဲ့ပြီး ဆာလာရဲ့ ဖန်တီးပေးမှုကနေ ရောဘတ်ဆန်က သွင်းယူခဲ့တာပါ။

ဒီဂိုးကသွင်းပြီးနောက် ပွဲချိန် မိနစ် ၉၀ မှာ ဆာလာရဲ့ ဖန်တီးပေးမှုကနေပဲ အီလီယော့က နောက်ထပ်ဦးဆောင်ဂိုးသွင်းကာ ၀ုလ်ဗ်တို့မချေပနိုင်ခဲ့တော့ဘဲ အိမ်ကွင်းမှာ ၁-၃ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ လီဗာပူးလ်တို့ ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ နိုင်ပွဲဖြစ်ပြီး အဖိုးတန် ၃ မှတ်ကို အိမ်ပြန်သယ်သွားနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က