ဂျာမနီကို ဂျပန်တို့ ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲက လက်ရှိနိုင်ငံတကာရက်သတ္တပတ်အတွက် လှုပ်ခတ်စရာ ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ ဂျာမနီဘောလုံးအဖွဲ့ချုပ်က နည်းပြ ဟန်ဆီဖလစ်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။
ဂျာမနီဟာ နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် အခုလိုပဲ ဟန်ဆီဖလစ်ခ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ပြောစရာဖြစ်ခဲ့တဲ့ နောက်ထပ်အချက်တစ်ခုက ဂျပန်နောက်ခံလူ တိုမီယာဆုနဲ့ ဂျာမနီတိုက်စစ်ကစားသမား ဆာနေးတို့ရဲ့ ပင်နယ်တီဧရိယာအတွင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ဂျပန်ရဲ့ ဂိုးဧရိယာအတွင်း ဘောလုံးယှဉ်လုဖို့ ကြိုးစားခဲ့ရင်း ဆာနေးက ဘောလုံးကို ဦးမလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုမီယာဆုက သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို အသုံးချကာ ဆာနေးကို ဘော်ဒီချင်း ယှဉ်တိုက်ခဲ့ပြီး ဆာနေးကတော့ အလဲလဲအပြိုပြိုဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် တိုမီယာဆုဟာ ဘောလုံးကိုလည်း ဂိုးစည်းမကျော်သွားအောင် ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ပရိသတ်လက်ခုပ်သံကို သိမ်းယူခဲ့ပါတယ်။ ဘောလုံးအင်အားကြီး ဂျာမနီနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့နေရာမှာ အာရှသားတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကတော့ ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်နေခဲ့ပါတယ်။
ဂျာမနီဟာ ဂျပန်နဲ့တွေ့တိုင်း ဒုက္ခရောက်နေကျ အသင်းတစ်သင်းလို့တောင် ဆိုရမလိုဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း ဂျပန်ကြောင့်ပဲ ဂျာမနီတို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါသေးတယ်။ အခုချိန်မှာလည်း ခြေစမ်းပွဲမှာ ထိပ်တိုက်တွေ့ပေမယ့် ဂျပန်က ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် ဟန်ဆီဖလစ်ခ်လည်း သူ့ရဲ့ ရာထူးကို စွန့်လွှတ်လိုက်ရပါတယ်။