မာနေးရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး မန်နေဂျာ ဆစ်ဆီက ဆာနေးနဲ့ မာနေးတို့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ နောက်ကွယ်ကဖြစ်ရပ်မှန်တွေကို ဖွင့်ဟပြောကြားလာပါတယ်။ ဒီဖြစ်ရပ်မှာ မာနေးက အဓိကတာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး သူ့ရဲ့လုပ်ရပ်ကြောင့်လည်း ဆာနေးက နှုတ်ခမ်းပေါက်သွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကလည်း မာနေးကို ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေတပ်ရိုက်ခဲ့ပြီး အခုနွေရာသီမှာတော့ မာနေးကို အယ်လ်နာဆာထံ ပြောင်းရွှေ့ကြေး ပေါင် (၃၄) သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်တွေက အားလုံးထင်နေသလိုမဟုတ်ဘဲ အလိမ်အညာတွေဖြစ်ကြောင်း ဆစ်စီက ဖွင့်ဟလာခဲ့ပါတယ်။
ဆစ်စီက “ဆာနေးက ဘယ်လောက်အထိ ပြဿနာရှာတတ်လဲဆိုတာကို ဥရောပဘောလုံးလောကအကြောင်း သိတဲ့သူတိုင်းက သိပြီးသားပါ။ ဒါပေမယ့် မာနေးကတော့ သူ ဘယ်နေရာမှာပဲ ကစားခဲ့ပါစေ၊ အမြဲတမ်း အေးအေးဆေးဆေးနဲ့ ရှိပါတယ်။ ဆာနေးကတော့ တော်တော်လေးကို ဘောင်ကျော်လွန်းခဲ့တာပါ။ ဂျာမန်သတင်းစာတွေက ဆာနေးဘက်က ရပ်တည်ပြီး မာနေးကို ညစ်ပတ်ခဲ့ကြပါတယ်”
“ဘိုင်ယန်မြူးနစ်က မာနေးကို ပေါင် (၅) သိန်း ဒဏ်ရိုက်ခဲ့တယ်ဆိုတာကလည်း အလိမ်အညာတွေချည်းပါပဲ။ ကျွန်တော် အသေးစိတ်ကို ထပ်မပြောချင်တော့ပါဘူး။ ဆာနေးက ဒီဖြစ်ရပ်မှာ မာနေးကို ပြန်တောင်းပန်ခဲ့တာ ဘာကြောင့်ဖြစ်မလဲ။ သူ သောက်တလွဲလုပ်ခဲ့လို့လေ။ သူက အခြားကစားသမားတွေကို ‘ငါ မာနေးဆီ မက်ဆေ့ချ်ပို့ထားတယ်၊ သူ့ကိုအကြောင်းပြန်ခိုင်းဦး’ ဆိုပြီး လိုက်ပြောခဲ့ရတာပါ”
“မာနေးကလည်း အကြောင်းပြန်ခဲ့ပြီး ဆာနေးရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒါမျိုး ထပ်မဖြစ်သင့်ဘူးလို့လည်း ပြောခဲ့ပါတယ်။ တကယ်လို့ မာနေးရဲ့ အသားအရောင်က ဆာနေးကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်ဆိုရင် ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေလည်း ဒါမျိုးဖြစ်နေမှာပါပဲ” လို့ ဝေဖန်တုံ့ပြန်သွားခဲ့ပါတယ်။