အသင်းဖော်မီလ်နာကလည်း ချက်ချင်းပဲ ဗန်ဒိုက်ကို စကားပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။

လီဗာပူးလ်ခံစစ်မှူးဗန်ဒိုက်ကတော့ မနေ့ကပွဲမှာ ယူနိုက်တက်အတွက် ဆန်ချိုက ဦးဆောင်ဂိုးသွင်းယူခဲ့ချိန်မှာ သူ့ရဲ့ခံစစ်ကစားပုံအတွက် ဝေဖန်ပြစ်တင်ခံနေရပြီဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ အဆိုပါဂိုးပေးခဲ့ရပြီးနောက် အသင်းဖော်ဂျိမ်းစ်မီလ်နာရဲ့ ပြစ်တင်ပြောဆိုမှုတွေကို ကွင်းအတွင်းမှာပဲ ရင်ဆိုင်ခဲ့ရတယ်လို့ ယူဆခဲ့ရပြီး ပွဲအစီအစဉ်သုံးသပ်နေတဲ့ ကာရေဂါကလည်း ဗန်ဒိုက်ရဲ့ ကာကွယ်ခဲ့ဟန်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ 

ဆန်ချိုက လီဗာပူးလ်ဂိုးဧရိယာထဲမှာ ဘောလုံးရရှိခဲ့ပြီ​းနောက် ကန်သွင်းမလိုလုပ်ခဲ့ကာ မီလ်နာကို လှည့်စားခဲ့ပါတယ်။ မီလ်နာကလည်း ဆန်ချိုရဲ့ လှည့်ကွက်ထဲ ဝင်ခဲ့မိကာ လျှောထိုးဖျက်ထုတ်ခဲ့မိပါတယ်။ လီဗာပူးလ်ဂိုးပေါက်ရှေ့မှာတော့ ဗန်ဒိုက်ရှိနေခဲ့ကာ ဆန်ချိုကန်သွင်းရာမှာ ဂိုးပေါက်အနေအထားကျဉ်းသွားအောင် သူ့ခန္ဓာကိုယ်ကိုအသုံးပြုရမှာဖြစ်ပေမယ့်လည်း လက်နှစ်ဖက်ကိုနောက်ပစ်ထားကာ ခန္ဓာကိုယ်ကိုကျုံ့ပြီးတော့သာ ကာကွယ်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက ဂိုးပေါက်လွတ်နေတဲ့ဘက်က အေးအေးဆေးဆေးကန်သွင်းယူသွားခဲ့ပြီး ဒီသွင်းဂိုးမှာ ဗန်ဒိုက်ရဲ့ ကာကွယ်မှုက ညံ့ဖျင်းခဲ့တာတော့ အမှန်ပါပဲ။ ဂိုးပေးလိုက်ရအပြီးမှာ မီလ်နာက ဗန်ဒိုက်ကို "မင်း သူ့ဆီ ပြေးဝင်သွားခဲ့ရမှာ" လို့ ပြောဆိုခဲ့ပြီး အသင်းဖော်ရဲ့ ကာကွယ်ခဲ့ဟန်ကို စိတ်ဆိုးဒေါသထွက်နေဟန်ပေါက်နေခဲ့ပါတယ်။ 

ကာရေဂါကလည်း "ဗန်ဒိုက်က သူ့ခန္ဓာကိုယ်ကို ပိုကြီးသွားအောင် လုပ်ရမယ့်အစား သေးသွားအောင်လုပ်ခဲ့တယ်၊ မင်း အဲဒီနေရာမှာပဲ ရပ်နေလို့မှမရတာ၊ တကယ်ဆိုရင် သူ လျှောထိုးခဲ့ရမှာပါ၊ ရှေ့တက်ပြီးတော့ တခုခုလုပ်ခဲ့သင့်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ မီကာရစ်ချက်ကလည်း "ဆန်ချိုက ၃စက္ကန့်လောက်အထိကို သူ ဘယ်ကိုကန်ရမလဲဆိုတာ ရွေးနေခဲ့ရတာ၊ ဒါကို ဗန်ဒိုက်က လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တပ်ကြီးရပ်နေတယ်၊ အဲဒါ ဗန်ဒိုက်မှမဟုတ်တာ" လို့ ပြောဆိုခဲ့ပါတယ်။ 

အသင်းဖော်မီလ်နာရဲ့ ပြောဆိုမှုကိုတော့ ဗန်ဒိုက်က ခေါင်းငြိမ့်ပြခဲ့ပြီး ပွဲကိုဆက်ကစားဖို့သာ တာစူခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီပွဲကိုအရေးနိမ့်ခဲ့တာကြောင့် အဖွင့်ပွဲ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ရမှတ် ၂ မှတ်သာ ရရှိထားပါသေးတယ်။ 


Share

Loading Next Article...
က္က