ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဖာဒီနန်က ဆန်ချို ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ခြေစွမ်းပြခဲ့တဲ့အပေါ် ယူနိုက်တက်နဲ့ နှိုင်းယှဉ်ပြီး မှတ်ချက်ပေးလာခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ကစားခဲ့တဲ့ မနေ့ညက ပွဲမှာ ဆန်ချိုက ပီအက်စ်ဂျီနောက်တန်းကို ဒုက္ခပေးနိုင်ခဲ့တာပါ။
ဆန်ချိုဟာ ပထမပိုင်းမိနစ် (၃၀) အတွင်းမှာတင် ဘောလုံးဆွဲပြေးမှု အောင်မြင်တဲ့အကြိမ်အရေအတွက်က (၇) ကြိမ်အထိ ရှိခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် ဆန်ချိုကိုသာ သတ်မှတ်ပေးနေကြပါတယ်။
ဒါနဲ့ပတ်သက်လို့ ဖာဒီနန်က “ယူနိုက်တက်မှာ ဆန်ချို ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်။ ဘာကြောင့် သူ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့ရတာလဲ။ ပွဲကစားချိန်ကြောင့်လား၊ သူကိုယ်တိုင်ကပဲ ယူနိုက်တက်မှာ အသားမကျခဲ့လို့လား။ ပွဲကစားချိန်မရလို့ပဲ သူကိုယ်တိုင်က ဒီလိုမျိုးဖြစ်ခဲ့တာလား”
“အသင်းနဲ့ ဂျာစီရဲ့ အရှိန်အဝါတွေကြောင့်ပဲလား? သူ့ရဲ့ အကောင်းဆုံးပုံစံကို မထုတ်သုံးနိုင်ခဲ့တဲ့ နည်းပြရဲ့အမှားပဲလား” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားဟောင်းပဲဖြစ်တဲ့ ဟားဂရေ့ဗ်စ်ကတော့ “ခင်ဗျားပြောသမျှ အရာအားလုံးပါပဲ။ အသင်းရဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တာပေါ့”
“ဒီနေ့ညမှာ ဆန်ချို ပထမဆုံးအကြိမ် ဘောလုံးထိလိုက်ကတည်းက ဒီညက ဆန်ချိုရဲ့ ညဖြစ်လာမယ်ဆိုတာကို သိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆန်ချိုဟာ ပီအက်စ်ဗွီ၊ အက်သလက်တီကိုတို့ကို အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်၊ ကွာတားအဆင့်တို့မှာလည်း ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။