ယူနိုက်တက်ဟာ နည်းပြ တန်ဟက်ခ်နဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ ဆန်ချိုကို အသင်းနဲ့ ပူးပေါင်းစေခြင်းမရှိတော့ဘဲ သီးခြားလေ့ကျင့်ခန်းဆင်းဖို့ ညွှန်ကြားလိုက်ပါတယ်။ တန်ဟက်ခ်က ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်ကို လူသိရှင်ကြား စတင်ဝေဖန်ခဲ့တာပါ။
ဆန်ချိုကလည်း တန်ဟက်ခ်ကို အောက်ကျို့မခံဘဲ ဆိုရှယ်မီဒီယာကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့တဲ့နောက် နှစ်ယောက်အကြား ဆက်ဆံရေးက အဆိုးရွားဆုံးဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆန်ချိုက ဆိုရှယ်မီဒီယာပေါ်က သူ့ရဲ့ ကြေညာချက်ကို ပြန်ဖျက်သွားခဲ့ပါတယ်။
ဒါ့အပြင် တန်ဟက်ခ်နဲ့လည်း နှစ်ဦးတည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆက်ဆံရေးက အဆင်ပြေလာခြင်းမရှိတော့ဘဲ အခုလိုမျိုး အနေအထားအထိ ဦးတည်သွားခဲ့တာပါ။ ယူနိုက်တက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆန်ချိုအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် လေ့ကျင့်ခန်း အစီအစဉ်တွေကိုသာ ပြုလုပ်ရတော့မှာဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ဒဏ်မချမှတ်ခင်အထိ ဒါက အကျုံးဝင်မယ်လို့ဆိုပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်မှာကတည်းက အသင်းအစည်းအဝေးနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို နောက်ကျလေ့ရှိတဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးမှာလည်း တန်ဟက်ခ်က ဆန်ချိုကို တတ်နိုင်သလောက် ဆွဲတင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားရဲ့ အပြုအမူအနေအထိုင်တွေက တိုးတက်လာခဲ့ခြင်းမရှိပါဘူး။
ဒါ့အပြင် တန်ဟက်ခ်က ဆန်ချိုကို လေ့ကျင့်ရေးကွင်းကို တစ်နာရီစောလာဖို့ တစ်ဦးတည်း စည်းကမ်းသတ်မှတ်ခဲ့ပေမယ့် အခြေအနေက ပိုမိုဆိုရွားတဲ့ဆီကိုသာ ဦးတည်သွားခဲ့ပါတယ်။ လက်ရှိအနေအထားအရတော့ တန်ဟက်ခ်ရှိနေသရွေ့ ဆန်ချိုရဲ့ ယူနိုက်တက်ကစားသမားဘဝ အနာဂတ်က ပြီးဆုံးသွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။