မန်စီးတီး တိုက်စစ်မှူး ဟာလန်းက သူ့အသင်းဟောင်း ဒေါ့မွန်ကို ဆန်ချို ပြန်လည်ပြောင်းရွှေ့သွားတဲ့အပေါ် ပျော်ရွှင်နေပုံရပြီး အင်စတာဂရမ်မှာပါ အောင်ပွဲခံခဲ့ပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်ကို ရာသီဝက်အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာပါ။
ဆန်ချိုဟာ ယူနိုက်တက်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သည့်တိုင် ဆိုးရွားတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆန်ချိုနဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်တို့ ပြဿနာဖြစ်ပွားခဲ့တာပါ။
တန်ဟက်ခ်က ဆန်ချိုကို အသင်းကြီး လူစာရင်းကနေ ဖယ်ရှားခဲ့ပြီး ဆန်ချိုကလည်း တန်ဟက်ခ်ကို ပြန်လည်တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဆန်ချိုတစ်ယောက် နောက်ဆုံးအချိန်မှာတော့ အသင်းဟောင်း ဒေါ့မွန်ကိုသာ ပြန်လည် ပြောင်းရွှေ့သွားခဲ့ရတာပါ။
ဆန်ချိုဟာ ဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ပြောကြားခဲ့တဲ့ စကားတစ်ချို့ကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဆန်ချိုဟာ ဒေါ့မွန်မှာ ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။
ဆန်ချိုတစ်ယောက် ဒေါ့မွန်ဂျာစီနဲ့အတူ နံပါတ် (၁၀) ကို ဝတ်ဆင်ထားတဲ့ပုံကို ဟာလန်းက “လှပသော” လို့ဆိုတဲ့ စာသားနဲ့အတူ ရေးသားကာ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ တင်ထားခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဆန်ချိုနဲ့အတူ ဖလားရရှိထားတဲ့ပုံကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပါသေးတယ်။