ခြေစွမ်းမပြနိုင်တဲ့ ဆန်ချိုနဲ့ဗန်ဒီဘိခ်တို့နဲ့ပတ်သက်ပြီး ဆိုးလ်ရှားကိုယ်တိုင်က ဝန်ခံလာရတာပါ။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဆန်ချိုနဲ့ဗန်ဒီဘိခ်တို့ ယုံကြည်ချက်ပျောက်ဆုံးပြီး အကောင်းဆုံးပုံစံပြသနိုင်ဖို့ ရုန်းကန်နေရပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။


ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဥ်မှာ ဒီကစားသမားနှစ်ယောက်လုံး ပွဲချိန်ပြည့်ကစားခဲ့ပေမယ့် ဘာမှထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ဘဲ ယူနိုက်တက်ကလည်း အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။


ဒီပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက “သူတို့နှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်လို့ ကျွန်တော် စောဒကတက်စရာမရှိပါဘူး။ အသင်းနဲ့ဟန်ချက်ညီလာဖို့အတွက်တော့ တချို့လုပ်စရာတွေကျန်နေပါသေးတယ်။ ယုံကြည်ချက်ပေါ့။”


“အခုချိန်မှာလည်း သူတို့ရဲ့ အကောင်းဆုံးပုံစံတွေ ပျောက်ဆုံးနေပါပြီ။ ဘာလို့လဲဆိုတော့ ပွဲကစားခွင့်သိပ်မရလို့ပါ။ သူတို့အတွက် ပွဲကစားခွင့်ရခဲ့တာကောင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်တော့မရခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော် ဒီလိုမျိုးပြောရတာပါ။”


“သူတို့မှာ အရည်အချင်းပိုင်းပျောက်ဆုံးနေတယ်ဆိုပေမယ့် ကြိုးစားအားထုတ်မှုရှိခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နှစ်မှာ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင် (၃၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆန်ချိုကတော့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်ကနေ ပေါင် (၇၃) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။


ဆန်ချိုကလည်း လက်ရှိအချိန်အထိ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၇) ပွဲပါဝင်ကစားပြီးချိန်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသလို ဂိုးဖန်တီးမှုပြုလုပ်ပေးထားနိုင်ခြင်းလည်းမရှိတာကြောင့် ဆန်ချိုကို အသည်းအသန်ခေါ်ယူခဲ့တဲ့ ယူနိုက်တက်တို့ အပြောင်းအရွှေ့မှာ ခြေလှမ်းမှားခဲ့ပြီလားဆိုတာ သံသယဝင်ဖို့ကောင်းနေပြီလည်းဖြစ်ပါတယ်။

Share

က္က