အခုဆိုရင်ယောက်ျားလေးတော်တော်များများ ဆံပင်အရှည်ထားလာကြတာကိုတွေ့နေရပါတယ်။ ဆံပင်အရှည်ထားရတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းရင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက်တူချင်မှတူကြမှာပါ။ တချို့လည်း စတိုင်လ်ကျချင်လို့၊ တချို့လည်း စိတ်ခံစားမှုကြောင့် စသည်ဖြင့် အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဘာကြောင့်ပဲ ထားထား၊ ဆံပင်အရှည်ထားပြီဆိုရင် ကိုယ့်ရဲ့ဆံကေသာကျန်းမာရေးကို ပိုပြီးဂရုစိုက်ရတော့မှာပါ။ ဒါကြောင့် ဆံပင်အရှည်ထားမယ့်၊ ဒါမှမဟုတ် အရင်ထက်ဆံပင်ရှည်နေပြီဖြစ်တဲ့ အမျိုးသားတွေအတွက် အသုံးဝင်မယ့် အကြံပြုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
ခေါင်းလျှော်တဲ့အခါ Apple Cider Vinegar သုံးပါ
Photo: india.com
Supermarket တွေမှာအလွယ်တကူဝယ်ယူနိုင်တဲ့ Apple Cider Vinegar ဟာဆံကေသာကျန်းမာရေးအတွက် မယုံနိုင်လောက်အောင် အကျိုးပြုနိုင်ပါတယ်။ Apple Cider Vinegar ၃ ဆနဲ့ ရေ ၁ ဆရောပြီး spray ဗူးထဲကိုထည့်ပါ။ ပြီးရင် ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ဖြန်းပေးပါ။ အဲဒီလိုဖြန်းပြီးတဲ့နောက်မှာ ရေချက်ခြင်းလောင်းမချသေးဘဲ ခနလောက်ထားပါ။ ဒါဆိုရင် အရင်ထက်ပိုပြီး သိသိသာသာ ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုရရှိလာမှာပါ။
ကိုယ့်ဆံကေသာနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး ကိုရွေးချယ်သုံးစွဲပါ
Photo: india.com
ကြော်ငြာတွေ၊ social media post တွေထက် ကိုယ့်ရဲ့အတွေ့အကြုံအပေါ် အခြေခံပြီး ဘယ် ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးက ကိုယ်နဲ့တည့်လဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ပါ။ ဆံပင်အတော်လေးရှည်လာပြီဆိုတာနဲ့ ဆံပင်ကျွတ်တဲ့ဒုက္ခက အနည်းနဲ့အများကြုံလာရမှာပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ဘယ်ခေါင်းလျှော်ရည်၊ ပျော့ဆေးက ဆံပင်အကျွတ်သက်သာလဲ၊ ဗောက်ထသက်သာလဲဆိုတာကို ကိုယ်တိုင်သုတေသနလုပ်ပြီး ကိုယ်နဲ့တည့်တဲ့တံဆိပ်ကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။
ဆံပင်ညှပ်ဆိုင်သွားပါ
Photo: Men's Hairstyle Trends
ဆံပင်အရှည်ထားပါမယ်ဆိုမှ ဆံပင်ညှပ်ဆိုင်သွားပါဆိုတော့ နောက်နေတာလားလို့ မထင်လိုက်ပါနဲ့။ ဆံပင်အရှည်ထားတယ် ဆိုပေမဲ့လည်း နှစ်ခွဖြစ်နေတဲ့ဆံပင်တွေ၊ ပျက်စီးနေတဲ့ဆံပင်တွေကို တိဖို့၊ ညှပ်ဖို့လိုအပ်နိုင်ပါသေးတယ်။ ဒါ့အပြင် လူမမာပုံမပေါက်ဘဲ ကြည့်ကောင်းနေအောင်လည်း ဆံပင်ကိုလိုအပ်သလို ပုံသွင်းပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဆံပင်ညှပ်ဆိုင်ကောင်းကောင်းကို ၂ လ၊ ၃ လ တစ်ခါလောက်သွားပေးပြီး ဆံသဆရာရဲ့အကြံပြုချက်အတိုင်း ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။
နေ့တိုင်းခေါင်းလောင်းမချိုးပါနဲ့
Photo: Medical News Today
ယောက်ျားလေးတော်တော်များများက ရေချိုးရင် ခေါင်းကိုပါလောင်းချိုးလေ့ရှိပါတယ်။ ဆံပင်အတိုထားတုန်းမှာ ဒါကပြဿနာမရှိပေမဲ့ ဆံပင်ရှည်လာပြီဆိုရင် ခေါင်းကိုနေ့တိုင်းရေလောင်းချိုးနေမယ်ဆိုရင် ဆံကေသာအတွက်ရော၊ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ နေ့တိုင်းရေနဲ့လောင်းချိုးနေတဲ့အတွက် ဆံပင်အတွက်ထွက်သဘာဝ အဆီတွေကို ဆေးချပစ်သလိုဖြစ်ပြီး ဆံကေသခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အကျင့်ဟောင်းကိုပြင်ပြီး ၃ ရက်တစ်ခါလောက်ပဲ ခေါင်းကိုရေလောင်းချိုးပြီး ခေါင်းလျှော်တာမျိုးလုပ်သင့်ပါတယ်။
ရေများများသောက်ပါ
Photo: Medical News Today
ခန္ဓာကိုယ်အတွက် ရေဓါတ်လုံလုံလောက်လောက်ရဖို့ဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ဆံကေသာအတွက်လည်း အရေးကြီးပါတယ်။ ရေဓါတ်လုံလုံလောက်လောက်မရရင် ဦးရေပြားခြောက်သွေ့ပြီး ဆံပင်ကျွတ်တာ၊ ဗောက်ထတာလိုမျိုး ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
Ref: india.com